Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော်လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ပြည်သူများအားလုံး ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား-တောင်ညိုလမ်းမပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံဧရိယာအထိ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော်လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်လမ်းလျှောက်သင်္ကြန် ဧရိယာအတွင်း ဝန်ထမ်းများ၊ မိသားစုများနှင့် ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ရန်အတွက် ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်များနှင့် တိုင်းရင်းသားရိုးရာ ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှု၊ မဏ္ဍပ်များအလိုက် စတုဒိသာကျွေးမွေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ တိုင်းရင်းသားသင်္ကြန်၊ စတုဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နှင့် လူငယ်သင်္ကြန်တို့တွင် ခေတ်မီအဆင့်အတန်းရှိစွာ လည်ပတ်အပန်းဖြေနိုင်ရန် အဆင်သင့်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းလျှောက်သင်္ကြန်ကျင်းပမည့် ဧရိယာအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် ရေပြတ်တောက်မှုမရှိစေရေးကိုလည်း စီမံဆောင်ရွက်ထားရမည်ဖြစ်သကဲ့သို့ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ဖွဲ့စည်းပေးထားသည့် ကော်မတီအသီးသီးအနေဖြင့်လည်း မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများအလိုက် အချိန်မီပြီးစီးစေရေး ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

K – POP အဆိုရှင်များက ပါဝင်သီဆိုဖျော်ဖြေသွားမည်

ယခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ဝန်ထမ်းများနှင့် ပြည်သူများ ပိုမိုပျော်ရွှင်စွာဆင်နွှဲနိုင်ရန်အတွက် လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်ကြီးကို ခမ်းနားစွာ တည်ဆောက်နေပြီး ပြည်တွင်းမှ နိုင်ငံကျော်အနုပညာရှင်များစွာနှင့် ကိုရီးယားနိုင်ငံမှ K–POP အဆိုရှင်များက ပါဝင်သီဆိုဖျော်ဖြေသွားမည်ဖြစ်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဉာဏသိဒ္ဓိမိသားစု မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကြီးကို တည်ဆောက်၍ လာရောက်လည်ပတ်ကြသည့် ပြည်သူများအား ဖျော်ဖြေရေးအစီအစဉ်များအပြင် စတုဒိသာအကျွေးအမွေးများဖြင့်လည်း ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံမှ လူငယ်အနုပညာရှင်အဖွဲ့များက သီဆိုဖျော်ဖြေသွားမည်

ထို့ပြင် နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွင်း၌ ရုရှား-မြန်မာချစ်ကြည် ရေးအသင်းမဏ္ဍပ်ကိုလည်း တည်ဆောက်လျက်ရှိပြီး ပြည်သူများ ပျော်ရွှင်စွာ ရေပက်ဖျန်းပျော်ရွှင်နိုင်စေရန် ရေပန်းပိုက် ၄၀ ကျော် တပ်ဆင်ဆောင်ရွက်လျက်ရှိကာ အမြင့် ၆ ပေ၊ အလျား ပေ ၄၀ နှင့် အနံ ပေ ၂၀ ရှိ ဖျော်ဖြေရေးစင်မြင့် ဆောက်လုပ်လျက်ရှိ​ကြောင်း၊ အဆိုပါ စင်မြင့်၌ ရုရှားနိုင်ငံမှ လူငယ်အနုပညာရှင်အဖွဲ့များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေသွားမည်ဖြစ်​ကြောင်း သိရသည်။ အလားတူ တရုတ် - မြန်မာ - အိန္ဒိယ ချစ်ကြည်ရေးမဏ္ဍပ်ကို နိုင်ငံတကာအဆင့်မီ ရေကစားမဏ္ဍပ်အဖြစ် တည်ဆောက်လျက်ရှိပြီး စတုဒိသာအစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ရေကစားမဏ္ဍပ်ပေါင်း ၂၆ ခု တည်ဆောက်လျက်ရှိပြီး တိုင်းရင်းသားသင်္ကြန်၊ စတုဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နှင့် လူငယ်သင်္ကြန်ဟူ၍ ပြည်သူများ ပျော်ရွှင်စွာ ရေပက်ဖျန်းလည်ပတ်နိုင်စေရန် အထူးအစီအစဉ်ကောင်းများဖြင့် ဆောင်ရွက်ထားရှိသည်။ ထို့ပြင် ပြည်သူများ နိုင်ငံတကာအဆင့် ခေတ်မီအဆင့်အတန်းရှိစွာ လမ်းလျှောက်သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် Zone-1 နှင့် Zone- 2 ဟူ၍ ခွဲခြားထားရှိကာ Zone-1 ၌ တိုင်းရင်းသား စတုဒိသာသင်္ကြန်ဟူ၍ စီစဉ်ထားရှိပြီး လာရောက်လည်ပတ်ကြသူများအား Zone -1 Main Entrance အဝင်တွင် စတုဒိသာအကျွေးအမွေးများ ဖြင့် ဧည့်ခံမည်ဖြစ်​ကြောင်း၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုများကိုအခြေခံ၍ တိုင်းရင်းသားသင်္ကြန် ဖန်တီးရေကစားနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမည့်အပြင် တိုင်းရင်းသားကိုယ်စားပြု Photo Booth များနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ လမ်းလျှောက်သင်္ကြန် Zone – 2 ၌ လူငယ်များနှင့် ကလေးငယ်များအတွက် လူငယ်သင်္ကြန်ဟူ၍ စီစဉ်ဆောင်ရွက်ထားရှိပြီး မိသားစုများ၊ ကလေးငယ်များ၊ လူငယ်များအတွက် နိုင်ငံတကာအဆင့်မီ ရေလွှာလျှောများ၊ Foam Party များ၊ inflatable ကစားစရာ ရေကန်များ/ရေလွှာလျှောများဖြင့် ပြင်ဆင်ထည့်သွင်း ဆောင်ရွက်လျက်ရှိကာ လူငယ်များနှစ်သက်ပျော်ရွှင်ဖွယ်ရာ ဖြစ်စေရန်အတွက်လည်း DJ Performance များဖြင့် ကပြဖျော်ဖြေ၍ နေပြည်တော်လမ်းလျှောက်သင်္ကြန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်