Skip to main content

နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) အပိုင်း (၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၈

မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်း စံများဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in Inter-national Financial Reporting Standards - Dip IFRS) အမှတ်စဉ် (၁) အပိုင်း (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ယခုသင်တန်းတွင် အများပြည်သူအကျိုးစီးပွားနှင့်သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ပိုမိုကောင်းမွန်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသည့် ဘဏ္ဍာရေးအစီရင်ခံတင် ပြမှုဖြစ်စေရန် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများနှင့်စပ်လျဉ်း၍ အခြေခံသဘောတရား၊ ရည်ရွယ်ချက်၊ စာရင်းရေးသွင်းမှုနှင့် ထုတ်ဖော်တင်ပြမှုဆိုင်ရာများကို သင်ကြားပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပိုမိုပြည့်ဝ တိုးတက်လာမည်ဖြစ်ပြီး ဘဏ္ဍာရေးအစီရင်ခံခြင်းစံများနှင့်အညီ အစီရင်ခံစာများ ပြုစုရေးဆွဲထုတ်ပြန်ခြင်း၊ နိုင်ငံပိုင်အစုရှယ်ယာများပါဝင်သောကုမ္ပဏီများ၏ ဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းစံများနှင့်ညီညွတ်မှုရှိမရှိ စိစစ်ကြီးကြပ်ခြင်းတို့တွင် လက်တွေ့ပြန်လည်အသုံးချနိုင် မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ခေတ်ကာလနှင့်အညီ စာရင်းစံပြောင်းလဲမှုများကို စဉ်ဆက်မပြတ်လေ့လာ၍ လိုက်နာကျင့်သုံးခြင်း၊ စာရင်းပညာပိုမိုပြန့်ပွားစေရေး ပြန်လည်မျှဝေသင်ကြားပေးခြင်းများကို ဆောင်ရွက်ကြစေလိုပါကြောင်း၊ ထို့အပြင် သင်တန်းသားများအနေဖြင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများဆိုင်ရာ သင်တန်းအမှတ်စဉ် (၁) အပိုင်း (၂) နှင့် အပိုင်း (၃) သင်တန်းသို့တက်ရောက်ပြီး ဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိရေး ဆက်လက်ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းကို ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဇန်နဝါရီ ၁၈ ရက်မှစ၍ သင်တန်းကာလသုံးလကြာဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၂၉ ဦး၊ အခြားဌာန၊ အဖွဲ့အစည်းများမှ ၆၀ စုစုပေါင်းသင်တန်းသား ၈၉ ဦး တက်ရောက်ပြီးမြောက်ခဲ့သည်။ ယခု သင်တန်းပြီးမြောက်အောင်မြင်သူများကို သင်တန်းဆင်းလက်မှတ် များပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမမှလည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ (၂) နှင့်တာဝန်ရှိသူများက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်