Skip to main content

၂၀၂၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် “မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၃ - ၂၀၂၇) အသိပေးမိတ်ဆက်ခြင်း” အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၈

၂၀၂၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုသင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization) စတင်တည်ထောင်ခဲ့သည့်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့အဖြစ် ၁၉၅၀ ပြည့်နှစ်မှ စတင်သတ်မှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများက အဆိုပါနေ့ရက်ကျရောက်တိုင်း ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်ဆိုင်ရာ အခမ်းအနားများနှင့် ကျန်းမာရေးဆိုင်ရာလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အခြေအနေများနှင့် ပြဿနာများကို စုပေါင်းဖြေရှင်းရန်အတွက် အဖွဲ့ဝင်နိုင်ငံတိုင်းက ကျန်းမာရေးဆိုင်ရာလုပ်ငန်းဆောင်တာများကို အစီအစဉ်ချမှတ်၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် နှိုးဆော်တိုက်တွန်းလေ့ရှိကြောင်း၊ ယနေ့အချိန်အခါတွင် ကမ္ဘာတစ်ဝန်းရှိ လူသားများ၏ကျန်းမာရေးကို ထိခိုက်စေမှုများသည် ပိုမိုများပြားလာနေကြောင်း၊ လူသားတိုင်းကျန်းမာရေးစောင့်ရှောက်မှုကို ရယူပိုင်ခွင့်၊ ပညာသင်ကြားပိုင်ခွင့်၊ သတင်းအချက်အလက် ရယူပိုင်ခွင့်တို့ကို ရရှိနိုင်ရေးအတွက် ယခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်အဖြစ် “My Health, My Right” ကို သတ်မှတ်ပေးခဲ့ပြီး မြန်မာဘာသာဖြင့် “လူတိုင်းလူတိုင်းကျန်းမာဖို့၊ ကိုယ်စီပါဝင်ဆောင်ရွက်စို့ ဟု ဆီလျော်အောင် ဘာသာပြန်ဆိုထားပါကြောင်း။

ယခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ဆောင်ပုဒ်တွင် အလေးထားတင်ပြထားသည့်အချက်မှာ လူတိုင်းရောဂါဘယကင်းရှင်းပြီး ကျန်းမာစွာဖြင့် လူ့သက်တမ်းစေ့နေနိုင်ရေးအတွက် အခြေခံကျပြီး အရည်အသွေးပြည့်ဝသော ပဏာမကျန်းမာရေးစောင့်ရှောက်မှုများကို အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ လူမျိုးဘာသာမရွေး၊ နေရာဒေသမရွေး လူတိုင်းလက်လှမ်းမီရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးစေလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ဆိုသော ဦးတည်ချက်ကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဓိကတာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီးဌာနအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူပြီး စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် အစီအစဉ်အရ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် ဗီဒီယိုကိုပြသပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံး တိုင်းဒေသကြီး/ပြည်နယ်ဆုများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။

 ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ကျန်းမာရေးဝန်ကြီးဌာန လှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြသည်။

မွန်းလွဲ ၁ နာရီတွင် “မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇) အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက မဟာဗျူဟာစီမံကိန်း ပြုစုရေးဆွဲရခြင်း၏ရည်ရွယ်ချက်နှင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်း စဉ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး (မကူးစက်) ဒေါက်တာသီတာဝင်းက မဟာဗျူဟာစီမံကိန်းအကျဉ်းချုပ်ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

အသိပေးမိတ်ဆက်ခြင်းအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ စီမံချက်မန်နေဂျာများ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်