Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဥရောပအာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေးဂလေးဇီးယပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၈

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆာဂေးဂလေးဇီးယပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာအကောင်အထည်ဖော်ရေးနှင့် စာချွန်လွှာပါ ဦးစားပေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

မြန်မာနိုင်ငံအစိုးရနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအတွက် စာချွန်လွှာပါဦးစားပေးနယ်ပယ်များတွင် ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှု၊ အကောက်ခွန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ နည်းပညာဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ မိလ္လာနှင့်ရေဆိုးများသန့်ရှင်းရေး၊ တိရစ္ဆာန်များမှ ကူးစက်နိုင်သောရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေး၊ လူ၊ အပင်နှင့်တိရစ္ဆာန်များ ပိုးမွှားကင်းစင်ရေးအစီအမံများ၊ ဘဏ္ဍာရေးဈေးကွက်များ၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ စက်မှု-စိုက်ပျိုးရေးကဏ္ဍ၊ ယှဉ်ပြိုင်မှုမူဝါဒ၊ စက်မှုလုပ်ငန်း၊ စားသုံးသူအခွင့်အရေး၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်နှင့် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် အခြားသောကဏ္ဍများပါဝင်သည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြောင်းသိရသည်။                      

သတင်းစဉ်