နေပြည်တော် ဧပြီ ၄
၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဌာနတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များအားကစားလှုပ်ရှားမှုကိုအခြေခံမှစ၍ စနစ်တကျနားလည်သင်ယူနိုင်ရေးအတွက် နွေရာသီအခြေခံအားကစားသင်တန်းများကို လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးစေရန်၊ အားကစားနည်းများကို လေ့လာလိုက်စားလာစေရန်၊ အခြေခံကျကျနားလည်ပြီး လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ နိုင်ငံ့ကိုယ်စားပြုအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အထောက်အကူပြုစေရန်၊ လူငယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း၊ အားကစားသင်တန်းများကို တက်ရောက်ကြသည့် ကျောင်းသား ကျောင်းသူများအားလုံး အားကစားနည်းအလိုက် အခြေခံကောင်းများကို ကြိုးစားလေ့ကျင့်ကြရန်နှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများဖြစ်လာအောင် ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် စွမ်းစွမ်းတမံ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများက အားကစားအဓိဋ္ဌာန်များကိုရွတ်ဆိုကြပြီး အားကစားသရုပ်ပြအဖွဲ့များက သက်ဆိုင်ရာအားကစားနည်းများအလိုက် သရုပ်ပြဖျော်ဖြေကြကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အားကစားသရုပ်ပြအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် မြို့နယ်ရှစ်မြို့နယ်အတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သရုပ်ပြအဖွဲ့များနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ကျားသေအိုင်ကျေးရွာအုပ်စု ကွင်းအမှတ်(၁၄၀၈)တွင် ဆိုလာရေတင်စနစ်နှင့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ဈေးကွက်မိတ်ဆက်ခြင်းအခမ်းအနားသို့ တက်ရောက်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သီးနှံစိုက်စွမ်းအားတိုးမြှင့်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးနည်းစနစ်များ၊ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ Good Brother ကုမ္ပဏီနှင့် New Life Plastic(NLP) Co.,Ltd တို့မှ တာဝန်ရှိသူများက ဆိုလာရေတင်စနစ်နှင့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို မိတ်ဆက်ရှင်းလင်းပြောကြားကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ဆိုလာရေတင်စနစ်နှင့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများ၊ မျိုးစေ့များနှင့် သဘာဝမြေဩဇာများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ဩဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် စာမေးပွဲကြီးကြပ်ဆရာတော်များအား ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် နေ့ဆွမ်းဆက်ကပ်ပြီး လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းစရိတ်အလှူငွေများကို ဆက်ကပ်လှူဒါန်းကာ အောင်ဆန်းခန်းမ၌ ပါဠိပထမပြန် စာမေးပွဲတွင်ဖြေဆိုနေကြသည့် သံဃာတော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာရှိ ဦးသန်းထိုက်၏ နေခြည်ဝင်းဝါစက်ရုံသို့ရောက်ရှိပြီး ဒေသမှထွက်ရှိသည့်ဝါများကို ကြိတ်ခွဲနေမှု၊ ဝါစေ့ ထုတ်နေမှု၊ ဆန်စက်နှင့်ဆီစက်များကိုလည်းကောင်း၊ အေးချမ်းသာစံပြကျေးရွာတွင် စက်ရက်ကန်းအလုပ်ရုံတွင် ရက်ကန်းစင်လေးစင်၊ ရက်စက်ခုံတစ်ခုံဖြင့် လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်၊ သံဝေဇနိယလေးဌာန(ဖွား ပွင့် ဟော စံ) ဂေါပကအဖွဲ့ရုံးသို့ ရောက်ရှိပြီး ဂေါပကအဖွဲ့ဝင်များက လိုအပ်သည်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက် ရှေ့မျက်နှာစာတွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်