မြန်မာနိုင်ငံသည် ရေမြေသဘာဝကောင်းမွန်သဖြင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ပေါများကြွယ်ဝသော နိုင်ငံဖြစ်သည်။ ရေမြေသဘာဝ၊ တွင်းထွက်သယံဇာတ ပေါများသောကြောင့် ကိုလိုနီနယ်ချဲ့တို့၏ အဓမ္မကျူးကျော်သိမ်းပိုက်ခြင်းခံခဲ့ရပြီး သယံဇာတနှင့်ထွက်ကုန်အမြောက်အမြားကို အမြတ်ထုတ်ရယူခဲ့ကြသည်။ ထိုခေတ်ကာလအရ ပြည်ပပို့ကုန် အများဆုံးဟုပင်ဆိုနိုင်သည်။ အထူးသဖြင့် ဆန်စပါး၊ ကျွန်းသစ်နှင့် ရေနံဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွင် ပြည်တွင်းထွက်ကုန်နှင့် သယံဇာတအမြောက်အမြား ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။ စစ်မဖြစ်မီကာလက မြန်မာနိုင်ငံမှ ပြည်ပထုတ်ကုန်အားလုံး၏တန်ဖိုး ကိုးပုံလေးပုံမှာ ဆန်နှင့် ဆန်မှထွက်သော ပစ္စည်းများဖြစ်ပြီး ကိုးပုံနှစ်ပုံမှာ ရေနံနှင့် ရေနံမှထွက်သောပစ္စည်းများ ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ဆန်နှင့်ဆန်ထွက်ပစ္စည်းများသည် ပြည်ပပို့ကုန်အားလုံး၏တန်ဖိုး ငါးပုံလေးပုံအထိ တိုးတက်လာသည်။ ပြည်ပသို့ တင်ပို့ရောင်းချသော ဆန်တန်ချိန်မှာ ကိုလိုနီလက်ထက်ကတန်ချိန်ကို မမီသော်လည်း ခေတ်တန်ဖိုးအရ ဝင်ငွေပိုများသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်အဆက်ဆက်တွင် ပြည်တွင်းထုတ်ကုန်များနှင့် သယံဇာတများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။ စာရင်းဇယားများအရ တပ်မတော်အစိုးရလက်ထက် ၂၀၀၇-၂၀၀၈ ခုနှစ်နှင့် ဒီမိုကရေစီအစိုးရလက်ထက် ၂၀၀၉-၂၀၁၀ ခုနှစ်များတွင် ပြည်ပကုန်သွယ်မှု မြင့်တက်ခဲ့သည်ကိုတွေ့ရသည်။ သို့သော် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှု များစွာပြုလုပ်ခဲ့သည်။ မြေအောက်သယံဇာတဖြစ်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း ရရှိသည့်ငွေကြေးများကို သုံးစွဲမရအောင်ပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံ၏ထုတ်ကုန်ထုတ်လုပ်မှု၌ အခြေခံအကျဆုံးဖြစ်သော နိုင်ငံသားအများစုလုပ်ကိုင်သည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ပိုမိုထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲက စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများနှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး တွန်းအားပေးကြပ်မတ်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၄ သန်းကျော်ရှိသည်။ မိုးစပါးအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်မှာ တင်း ၁၀၀ ဖြစ်သည်။ သို့သော် ၂၀၂၃-၂၀၂၄ ခုနှစ် အထွက်နှုန်းမှာ ပျမ်းမျှ ၇၈ တင်းကျော်ဖြစ်၍ ရည်မှန်းချက်ထက် ၂၂ တင်းကျော် လျော့နည်းနေသည်။
ပန်းတိုင်အထွက်နှုန်း မပြည့်မီသောကြောင့် စပါးအထွက်တင်းသန်း ၃၀၀ လျော့နည်းနေပြီး တန်ဖိုးသင့်အရ ငွေကျပ် ဘီလီယံ ၇၀၀၀ ခန့် လျော့နည်းခဲ့သည်။ ထို့ကြောင့် စပါးသီးနှံအပါအဝင် အခြားအဓိကစိုက်ပျိုးကုန်များဖြစ်သည့် ပြောင်း၊ ပဲမျိုးစုံနှင့် အခြားသီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ကြပြီး ထပ်မံ၍ သီးထပ်စွမ်းအားများ မြင့်မားအောင် စိုက်ပျိုးထုတ်လုပ်ကြပါက စိုက်ပျိုးသူတောင်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ပြီး နိုင်ငံ့စီးပွားရေးလည်း များစွာမြင့်မားတိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သည့် မြေများစွာရှိသည့်အပြင် သီးထပ်စိုက်ပျိုးနိုင်သည့် မြေနှင့်ရာသီဥတုလည်း ပိုင်ဆိုင်ထားသည်။
အဆိုပါအချက်နှစ်ချက်ကို ဆောင်ရွက်နိုင်မည်ဆိုပါက ကမ္ဘာ့စားရေရိက္ခာ လုံခြုံအာမခံချက်ရှိရေး (Food Security) ကဏ္ဍတွင် ထိုက်ထိုက်တန်တန် နေရာရရှိမည့် စိုက်ပျိုးထုတ်လုပ်ရေးစွမ်းအားရှိသောနိုင်ငံအဖြစ် ရပ်တည်နိုင်မည်ဖြစ်၍ အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ မြန်မာနိုင်ငံရှိ လူဦးရေအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး လယ်ယာ၊ သားငါးနှင့်သစ်တောကဏ္ဍများတွင် လုပ်ကိုင်နေကြသူများမှာ လူဦးရေ၏ ၄၁ ရာခိုင်နှုန်းခန့်ရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် သေချာသည့် ကုန်ထုတ်လုပ်ငန်းဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် တွန်းအားတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို တွန်းအားပေးခြင်း၊ MSME လုပ်ငန်းများကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင်ရှိပြီးဖြစ်သည့် ရေခံမြေခံကောင်းများနှင့် လူသားအရင်းအမြစ်များကို ထိရောက်စွာအသုံးချပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ကာ အရည်အသွေးမြင့်မားသော ထုတ်ကုန်များကို တိုးတက်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက ပြည်သူများ လူမှုစီးပွားဘဝများ မြင့်မားပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။ ။