ရန်ကုန် မတ် ၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သောဠသမအစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ဒုတိယပါမောက္ခချုပ် (စီမံ)နှင့် သာသနာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
ဖတ်ကြားလျှောက်ထား
ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက အစည်းအဝေးဖွင့်သာရဏီယ သြဝါဒကထာကို မြွက်ကြားသည်။
(ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ သာရဏီယဩဝါဒကထာကို စာမျက်နှာ ၇ တွင် သီးခြားဖော်ပြထားပါသည်။)
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် သာသနာ့ရန်စွယ်အန္တရာယ်များကို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီးက ဦးဆောင်ဦးရွက်ပြုပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့က နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းကာ ဓမ္မစက်အာဏာစက်နှစ်ချက် ကုံလုံပြည့်စုံစွာဖြင့် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တပည့်တော်တို့ ဒါယကာ၊ ဒါယိကာမများဘက်ကလည်း ပစ္စယာနုဂ္ဂဟဖြင့် ချီးမြှောက်ထောက်ပံ့မှုအပြင် ဓမ္မစက်ကို အာဏာစက်ဖြင့် ခိုင်မြဲအောင်လက်တွဲညီညာစွာ သာသနာပြုသွားမည်ဖြစ်ပါကြောင်း လျှောက်ထားသည်။
ကဏ္ဍအလိုက် တင်သွင်းလျှောက်ထား
ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညက တင်သွင်းလျှောက်ထားပြီး အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာသီဟာ လင်္ကာရာဘိဝံသကလည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သုစိတ္တကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တ ဝိလာသာဘိဝံသကလည်းကောင်း ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။
ထို့နောက် ဝိနိစ္ဆယရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သောဠသမအစည်းအဝေး ပထမနေ့ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပခဲ့ပြီး သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စရပ်များကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို ရပ်နားခဲ့သည်။
ဆက်ကပ်လှူဒါန်း
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကအရုဏ်ဆွမ်း၊ နေ့ဆွမ်းတစ်နေ့တာ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်