Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် သောင်တူးလုပ်ငန်းစစ်ဆေး

နေပြည်တော် မတ် ၃

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်နှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် သောင်တူးလုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ညောင်တုန်းမြို့ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပြီးစီးခဲ့သည့် ညောင်တုန်းမြို့ အမှတ်(၃) ရပ်ကွက် ၁၄ လမ်းနှင့် ၁၆ လမ်းအကြား ကမ်းပါး နိမ့်ကျမှု ကာကွယ်ခြင်းလုပ်ငန်း၊ Boredpile အခြေပြု ကျောက်ပြားကပ် တမံအလျားပေ ၈၀၀ တည်ဆောက် ခြင်းလုပ်ငန်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဗိုလ်မြတ်ထွန်း - ချောင်းကြီး ရေလမ်းကောင်းမွန်ရေး၊ ညောင်တုန်းမြို့ အဝင်ရေလမ်းအလျားမီတာ ၁၃၀၀၊ အကျယ်မီတာ ၇၀ နှင့် အနက်ရေစစ်မျဉ်းအောက် နှစ်မီတာ စုစုပေါင်း ၂၄၀၂၄၂ ကုဗမီတာ သောင်တူးဖော်ခြင်းလုပ်ငန်းနှင့် ဇလွန်မြို့ ကမ်းပြိုကာကွယ်ရေး Boredpile အခြေပြုကျောက်စီတမံ အလျားပေ ၂၀၀ တည်ဆောက်ခြင်းလုပ်ငန်း၊ ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေဘေးအန္တရာယ်ကျရောက်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့်တာများ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားမှုများမှ ကာကွယ်နိုင်ရန် အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သောင်တူးဖော်ခြင်း လုပ်ငန်းအလျား ၁၅၇၅ မီတာ၊ အကျယ်မီတာ ၆၀ နှင့်အနက် ရေစစ်မျဉ်းအောက် လေးမီတာ စုစုပေါင်း ၄၂၂၅၉၅ ကုဗမီတာဆောင်ရွက်နေမှု၊ လေးမျက်နှာမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကြီး ငဝန်မြစ်ရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သောင်တူးသင်္ဘောကြီးများဖြင့် သောင်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီး နိုင်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ သောင်တူးဖော်ခြင်းမှ ထွက်ရှိလာသည့် သဲများကို စနစ်တကျ စွန့်ပစ်ရန်လိုကြောင်း၊ ရေလမ်းကြောင်းအတွင်း ပြန်မကျစေရေးနှင့် ရေလမ်းသွား ရေယာဉ်များ အနှောင့်အယှက်မဖြစ်ရန်လိုကြောင်း၊ ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေဘေးအန္တရာယ်ကျရောက်မှုမှ ကာကွယ်ရန် ဆောင်ရွက်ထားသည့် တာများ၊ ဧရာဝတီမြစ်ရေ တိုက်စားမှုကမ်းပြိုကမ်းစားမှုနှင့်ပတ်သက်၍ ရေတိုရေရှည်ကာကွယ်မှုများကို ထိခိုက်နိုင်သည့် မြေ၊ အိမ်ထောင်စု၊ လူဦးရေဆိုင်ရာ အချက်အလက်များ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအလိုက် ဘဏ္ဍာငွေလျာထားမှုများ ကြိုတင်ရေးဆွဲပြုစုတင်ပြသွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့ ဆည်မြောင်းရိပ်သာခန်းမ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက် များမှာကြားပြီး ဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်