နေပြည်တော် ဇွန် ၃
တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာ (၁) နှစ်သင်တန်း သင်တန်းအမှတ်စဉ် (၂) ၏ ဒီပလိုမာလက်မှတ်၊ ထူးချွန်ဆုနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုယ် ရာပြည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းက အမှာစကားပြောကြားပြီး ပထမ၊ ဒုတိယနှင့် တတိယဆုသင်တန်းသားများကို ထူးချွန်ဆုများပေးအပ်ကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းသားများကိုယ်စား သင်တန်းသားကိုယ်စားလှယ်တစ်ဦးကို အလုပ်ခန့်အပ်လွှာများပေးအပ်သည်။
သိပ္ပံဘွဲ့ရရှိပြီးသူများ တိရစ္ဆာန်ဆေးကုပညာရပ်ဆိုင်ရာ ဒီပလိုမာသင်တန်း တက်ရောက်လေ့လာနိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာ (၁) နှစ် သင်တန်းများကို ဖွင့်လှစ်လျက်ရှိပြီး သင်တန်းပြီးမြောက်သူများအနေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဒု-လက်ထောက် ဦးစီးမှူးရာထူးဖြင့် ဝင်ရောက် လုပ်ကိုင်နိုင်မည်ဖြစ်သကဲ့သို့ သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိပါက အဆင်မြင့်တာဝန်များ ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း၊ တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာ (၁)နှစ်သင်တန်း သင်တန်းအမှတ်စဉ် (၂) အထိ သင်တန်းသား သင်တန်းသူ ၁၁၇ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး သင်တန်းအမှတ်စဉ် (၃) ကို ဇွန် ၁ ရက်တွင် ဆက်လက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
