Skip to main content

ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် COVID–19 စီးပွားရေး ကုစားမှုအစီအစဉ်အရ အထူး လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့မှု အကူအညီများပေးအပ်

နေပြည်တော် ဩဂုတ် ၂၉

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ထိခိုက်လွယ်အုပ်စုများ၊ အနာကြီးရောဂါခံစားနေရသူများကို စောင့်ရှောက်နေသည့် ဂေဟာ များအတွက် အထူးလူမှုကာကွယ် စောင့်ရှောက် ရေး ပံ့ပိုးကူညီထောက်ပံ့မှုများကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၀)နှင့်အထက် (၈၅)နှစ်အောက် ဘိုးဘွားများ၊ ထပ်မံ၍စာရင်းကောက်ယူ ရရှိသော မသန်စွမ်းသူများအား ငွေကြေးတစ်ကြိမ် ထောက်ပံ့ ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က နိုင်ငံတော်၏ အကန့်အသတ်ရှိသည့် ဘဏ္ဍာငွေများကို လိုအပ်မှုအရ မိမိတို့ဝန်ကြီးဌာနက တာဝန်ယူရသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် မိမိတို့ဌာနတစ်ခုတည်း ဆောင်ရွက်၍မရပါကြောင်း၊ မြေပြင်တွင် အနီးကပ် ကြီးကြပ်တာဝန်ယူရသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့ အစည်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ယနေ့ထောက်ပံ့မှုများကို အကျိုးခံစားခွင့်ရှိသူများလက်ဝယ် အရောက် အလေအလွင့်မရှိအောင် အားလုံးကပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ ဧရာဝတီတိုင်း အတွင်းရှိ အသက်(၈၀)နှင့် အထက် (၈၅)နှစ်အောက် ဘိုးဘွားများ၊ ထပ်မံ၍ စာရင်းကောက်ယူရရှိသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေသည် ပမာဏအားဖြင့် များသည် ဟုဆိုနိုင်ပါကြောင်း၊ စီးပွားရေးပညာရှင်များ၏ ပြောကြားချက်အရ ထိုကဲ့သို့ ဒေသတစ်ခုအတွင်းသို့ ငွေကြေးစီးဆင်မှုများ ပြားခြင်းသည် ဤဒေသအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အပံ့ဖြစ်သည်ဟုဆို နိုင်ပါကြောင်း၊ အဆိုပါ ဆောင်ရွက်ပေးမှုများသည် ပြည်သူ့အစိုးရက ပြည်သူများ အတွက်  အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းကို သိရှိစေလိုပါ ကြောင်း၊ ယနေ့ ဆောင်ရွက်မှုသည် ဝန်ကြီးဌာန၏ ဆောင်ရွက်ရန် ရှိသည့် လုပ်ငန်များကို ကိုဗစ်-၁၉ နှင့်ယှဉ်တွဲ၍ မရပ်တန့်စေဘဲ အကောင်အထည်ဖော်နိုင်ခြင်းကို ပြသခြင်းဖြစ်ပါကြောင်းနှင့် လုပ်ငန်းများ အောင်မြင်မှုရအောင် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးလူမှုရေးဝန်ကြီးက  တိုင်းဒေသကြီးအတွင်းရှိ အသက် (၈၀)နှင့်အထက် အသက်(၈၅)နှစ် အောက် ဘိုးဘွား (၄၁,၀၆၂) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၁၂၃၁ ဒသမ ၈၆၀) သန်း ထပ်မံ၍စာရင်းကောက်ယူ ရရှိသော မသန်စွမ်းသူ ( ၂၀,၇၈၆) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၂၃ ဒသမ ၅၈၀) သန်းတို့ကို တက်ရောက်လာကြ သော ဘိုးဘွားများနှင့် မသန်စွမ်းသူများထံပေးအပ်သည်။ ကျန်ထောက်ပံ့မှုများကို အကျိုးခံစားခွင့်ရှိသူများ လက်ဝယ် အရောက် တာဝန်ယူပေးအပ်သွားမည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း လူမှုကာကွယ်ရေး စောင့်ရှောက်ရေးဂေဟာတွင် စောင့်ရှောက်ထားသူများအတွက် စားစရိတ်ထောက်ပံ့ခြင်း၊ ရှမ်းပြည် နယ်၊ လွိုင်လင်မြို့နယ်၊ လူမှုကာကွယ်ရေးစောင့်ရှောက်ရေး ဟိုခိုက်ဂေဟာတွင် စောင့်ရှောက်ထား သူများအတွက် စားစရိတ်ထောက်ပံ့ခြင်းနှင့် အနာကြီးရောဂါခံစားနေရသူများနှင့် နောက်ဆက်တွဲ မသန်စွမ်းမှုများအတွက် ငွေကြေးတစ်ကြိမ် ထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ပြည်ထောင်စု ဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း ယခုကဲ့သို့ အထူးလိုအပ်ချက်ရှိသည့် နေရာများနှင့် လူမှုဒုက္ခ ခံစားနေကြရသူများအတွက် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့က စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်းနှင့် ယခုကဲ့သို့ လူမှုကာကွယ်စောင့်ရှောက်မှုများကို ကူညီဆောင်ရွက်ပေးကြသည့် ဌာန ဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြော ကြားသည်။ ယင်းနောက် ဝါးနက်ချောင်း လူမှုကာကွယ်စောင့် ရှောက်ရေးဂေဟာတွင် စောင့်ရှောက်ထားသောလူဦးရေ  (၁၂၀) စားစရိတ်တစ်ရက် ငွေကျပ် (၅၀၀၀၀) နှုန်းဖြင့် () လစာ ငွေကျပ်သိန်း(၆၀)ကို ဂေဟာတာဝန်ရှိသူများသို့ ပေးအပ်သည်။

ဆက်လက်၍ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်ရှိ ဟိုခိုက်ဂေဟာတွင် စောင့်ရှောက်ထားသော လူဦးရေ (၈၉) ဦး၏ စားစရိတ် တစ်ရက် ငွေကျပ်(၅၀၀၀၀) နှုန်းဖြင့် () လစာ ငွေကျပ်သိန်း(၆၀)  အနာကြီးရောဂါခံစားနေရသူ (၈၉) ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၅၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၄၄ ဒသမ) သိန်း တို့ကို ဂေဟာ တာဝန်ရှိသူများထံသို့ ပေးအပ်ကြသည်။

ဆက်လက်၍ မှော်ဘီမြို့နယ် ဝါးနက်ချောင်းဂေဟာတာဝန်ရှိသူတစ်ဦးနှင့် လွိုင်လင်မြို့နယ်၊ ဟိုခိုက်ဂေဟာ တာဝန်ရှိသူ တစ်ဦးတို့က ထောက်ပံ့မှုများအတွက် ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြသည်။

ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းချောင်ကျေးရွာ နာတာရှည်ရောဂါခံစားနေရ သူများစောင့်ရှောက်ရေး မေတ္တာပရဟိတဂေဟာအတွက် စားစရိတ် ထောက်ပံ့ခြင်း၊ နာတာရှည် ရောဂါခံစားနေကြရသူများအတွက် ငွေကြေးတစ်ကြိမ်ထောက်ပံ့ခြင်းကို ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ ဝင် ဒေါ်သန်းမြင့်အောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန တာဝန်ရှိသူများက မေတ္တာပရဟိတဂေဟာအတွက် ()လစာ စားစရိတ် စုစုပေါင်းငွေကျပ် သိန်း(၁၂၀) နှင့် အနာကြီးရောဂါသည် (၁၄၅) ဦးအတွက် စုစုပေါင်းငွေကျပ် ( ,၂၅၀,၀၀၀) ကို ဂေဟာတာဝန်ရှိသူများထံ ပေးအပ်ကြသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ပံ့မှုများအတွက် ပြည်သူများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး ဒုတိယဝန်ကြီးဦးစိုးအောင်က ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ထောက်ပံ့ပေးနေမှုများနှင့် ပတ်သက်ပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)