ဖြူး ဩဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ယနေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရှမ်းမင်းလမ်းကူး ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ ကြောင်းသိရသည်။
ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းမင်းလမ်းကူးကျေးရွာ ဘုန်းတော်ကြီး ကျောင်းဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ အား ဆက်ကပ်လှူဒါန်း ခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်သူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များဖြစ်သည့် လမ်းတံတား ဆိုင်ရာများ၊ ပညာရေး ဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာများ၊ လျှပ်စစ်မီးလင်းရေးဆိုင်ရာများ၊ မြေယာဆိုင်ရာများကို တင်ပြတောင်းခံမှုအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေစဉ်ကာလအတွင်း ဒေသခံ ပြည်သူများ ရောဂါကူးစက် ပြန့်ပွား မှုမရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်နေထိုင်နိုင်ရေး အသိပညာပေးပြောကြားကာ မင်းလမ်းကူး ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ ကြောင်းသိရသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့နယ်စည်ပင်သာယာခန်းမသို့ သွားရောက်ပြီး ဖြူး- မုန်း- အုတ်ဖြတ်လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူး တံတား(အုတ်ဖြတ်) ချဉ်းကပ်လမ်းတည်ဆောက်ရာတွင် ပါဝင်သွားသည့် တောင်ငူမြို့နယ်မှတောင်သူ(၅)ဦး၊ ကျောက်ကြီးမြို့နယ်မှတောင်သူ (၁၄)တို့၏ လယ်ယာ မြေ(၁၁.၅၄)ဧကအတွက် လျှော်ကြေးငွေကျပ်(၄၆၄)သိန်းအား ပေးအပ်ခဲ့ သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇေယျဝတီမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ် ဝတ္ထု ပစ္စည်းများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကျေးရွာချင်းဆက် လမ်းများကျောက် ချောလမ်းခင်းပေးနိုင်ရေးများ၊ ကျောင်းစုကျေးရွာ စားကျက်မြေကိစ္စ၊ ကျန်းမာရေး ဆိုင်ရာများ၊ တိုးချဲ့ ကျောင်းဆောင်များ တိုးချဲ့ချထားပေးရန်ကိစ္စ၊ ပျဉ်းမပင်ကျေးရွာ ကိုယ်ထူကိုယ်ထမီးလင်းရေးမှကျန်ရှိနေသည့် အိမ်ခြေ(၆၀)အား မီးလင်းရေးထပ်မံဆောင်ရွက်ပေး ရန်ကိစ္စများကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မနွယ်(ဖြူး)