လားရှိုး သြဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့ မွန်းလွဲ(၂)နာရီအချိန်က မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ ဉာဏ်ရည်မသန်စွမ်းသူနှင့် အကြားအာရုံ မသန်စွမ်းသူ စုစုပေါင်း(၈၅၀၂)ဦး ရှိပါကြောင်း၊ လားရှိုးမြို့ပေါ်ရှိ မသန်စွမ်းသူများကို တစ်ဦးလျှင် ထောက်ပံ့ပစ္စည်း (၅) မျိုးတန်ဘိုး (ကျပ်တစ်သောင်းခုနှစ်ထောင်)ကို ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်းပြောကြားသွားသည်။
လားရှိုးမြို့နယ်အတွင်းရှိ မသန်စွမ်းပြည်သူများမှာ ကိုယ်အင်္ဂါမသန်စွမ်းပြည်သူ(၅)ဦး၊ ဉာဏ်ရည်မသန်စွမ်း ပြည်သူ(၅)ဦး၊ အမြင်အာရုံ မသန်စွမ်း ပြည်သူ(၅)ဦး၊ အကြားအာရုံမသန်စွမ်းပြည်သူ (၅)ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ ပြည်သူ့ ဆေးရုံသို့ သွားရောက်ကာ ဆေးရုံတက်ရောက် ကုသနေသောလူနာများအား လှည့်လည်ကြည့်ရှု၍ ကြက်ခြေနီတပ်ဖွဲ့နှင့် လားရှိုးဆေးရုံရှိ ဆရာ၊ဆရာမများအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း (၂၀) စီကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)