နေပြည်တော် ဩဂုတ် ၂၆
(၂၀၂၀) ပြည့်နှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခုနှစ်ပြုလုပ်သည့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တ ပတ်လှုပ်ရှားမှုအချိန်ကာလသည် မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်လုပ်ငန်းများကို အထူး ဦးစားပေးအဖြစ် သတ်မှတ်၍ ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများ အားလုံး နေ့မအား၊ ညမနားဆောင်ရွက်လျက်ရှိသည့် အချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ထိုသို့ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဦးစွာပထမ ပြောကြားလိုပါကြောင်း၊ ယခုလက်ရှိတွင် ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုမှာ မျိုးဗီဇပြောင်းလဲသည့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်နိုင်ပြီး များပြားသော ပိုးတွေ့လူနာများတွေ့ရှိနေရသဖြင့် ဝန်ကြီးဌာနအတွက် အလွန်အရေးကြီးသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါကြောင်း၊ ရခိုင်ပြည်နယ်သို့ ညွှန်ကြား ရေးမှူးအဆင့်ရှိ ကပ်ရောဂါဗေဒ ပညာရှင် ဦးဆောင်သည့် ဗဟိုကွင်းဆင်းအဖွဲ့၊ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ကုသမှု အထောက်အကူပြုပညာရှင်များကို လိုအပ်သည့် ဆေးနှင့် ပစ္စည်း ကိရိယာများကို အထူးလေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး ကပ်ရောဂါအခြေအနေအပေါ်မူတည်၍ ထပ်မံ လိုအပ်မည့် လူ့စွမ်းအားအရင်း အမြစ်နှင့် ပစ္စည်းကိရိယာများကိုလည်း ပို့ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးကွင်းဆင်းအဖွဲ့ တစ်ဖွဲ့၊ ဆေးပညာနှင့် မေ့ဆေးအထူး ကုများ၊ ဆရာဝန်များနှင့် သူနာပြုများ စုစုပေါင်း (၄၂) ဦးကိုလည်း အထူးလေယာဉ်ဖြင့် (၂၇) ရက်တွင် စေလွှတ်ရန် စီစဉ်ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၌ ကိုဗစ်-၁၉ အရေးပေါ် ကွပ်ကဲမှုဌာန ဖွင့်လှစ်ကာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ဗဟို ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကွပ်ကဲမှုဌာနနှင့် အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ဆေးရုံပိုင်းဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်းထောက်ပံ့ဖြည့်ဆည်းခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြည်နယ်နှင့် ချိတ်ဆက်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ရမည့်အသေးစိတ် အချက် အလက်များကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးထံသို့ တိုက်ရိုက် ချိတ်ဆက် ပြောကြားထားပြီးဖြစ်ကာ ဆက်လက်၍လည်း ချိတ်ဆက်ပြောကြားလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နှင့် ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် တစ်ချိန်တည်း၌ ရေရှည်တွင်ရင်ဆိုင်ရမည့် ကျန်းမာရေးပြဿနာများ လျော့နည်းစေရေးနှင့် ကျန်းမာရေးဖွံ့ဖြိုးရေး အထောက်အကူပြုသည့် လုပ်ငန်းများကို လစ်လျှူရှု၍မရပါကြောင်း၊ မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရ ဖွံ့ဖြိုးရေးကိစ္စရပ်များသည် နိုင်ငံတွင်းရှိပြည်သူများအတွက် ရေရှည်တွင် အကျိုးရှိသည့် ကိစ္စရပ်ဖြစ်ပါ ကြောင်း၊ ကလေးငယ်၏ မိခင်ကိုယ်တိုင်လည်း အာဟာရပြည့်ဝကျန်းမာကာ ကလေးငယ်အား မွေးဖွားပြီး အသက် (၆)လအထိ မိခင်နို့တစ်မျိုး တည်း တိုက်ကျွေးခြင်းဖြင့် ကလေးငယ်၏ ဘဝအစ အခြေခံအုတ်မြစ် ကောင်းမွန်ကာ ရောဂါခုခံ နိုင်စွမ်းမြင့်မားခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကောင်းမွန်ခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သိမြင်နိုင်စွမ်းဖွံ့ဖြိုးမှု များ ကောင်းမွန်ခြင်း အကျိုးများရရှိစေမည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုအစီအစဉ်များကို တိုင်းဒေသ ကြီး/ ပြည်နယ်များတွင် မပြုလုပ်တော့ပါကြောင်း၊ သို့သော် မြို့နယ်ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာ ရေးဌာနနှင့် ဌာနခွဲများ၌ မိခင်နို့စနစ်တကျ တိုက်ကျွေးရေး၊ ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးနှင့် အိုင်အိုဒင်းချို့တဲ့မှုရောဂါများ ပပျောက်ရေးနှင့် အစာတွင် အဏုအာဟာရဖြည့်စွက်ရေးလုပ်ငန်း ပုံမှန် အစီအစဉ်ကို အားထည့်၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဤကိစ္စရပ်များအားလုံးတွင် အခြေခံကျန်းမာရေးပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးကြီး ပါကြောင်း၊ ထို့အပြင် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ကျန်းမာရေး အသိပညာ ဗဟုသုတများကို ကိုယ်ဝန်ဆောင် အချင်းချင်း မျှဝေအသိပေးလာစေရန် စီစဉ်ဆောင်ရွက်ကြစေလိုပါကြောင်း။
မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှုအခြေအနေ လေ့လာရေးစစ်တမ်း (၂၀၁၇-၂၀၁၈)အရ မြန်မာနိုင်ငံရှိ အိမ်ထောင်စု (၈၅ရာခိုင်နှုန်း)သည် အိုင်အိုဒင်းဆား စားနေသော်လည်း အိမ်ထောင်စု အဆင့်မှာ အိုင်အိုဒင်း 15 ppm နှင့်အထက်ပါဝင်သော “စံမီအိုင်အိုဒင်းဆား” စားသုံးမှုသည် (၃၇ရာခိုင်နှုန်း) သာရှိပါ ကြောင်း၊ အိုင်အိုဒင်းစားသုံးမှုသည် ဦးနှောက်နှင့် အသိဉာဏ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် မရှိမဖြစ်လိုအပ် သဖြင့် ဝန်ကြီးဌာနအနေဖြင့် အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၏ အင်အားကို အသုံးချဆောင်ရွက်ရမည့်အပြင် ကုလသမဂ္ဂလက် အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ် သောအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများနှင့် ပိုမိုပူး ပေါင်းချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် အနေဖြင့် ကျန်းမာရေးအသိပညာပေးစားသားများ ရေး ထိုးထားသည့် ပါးစပ်နှင့်နှာခေါင်းစည်း (mask) များကို ကျန်းမာရေးဌာနများတွင် လာရောက် ပြသသူများထံ ဖြန့်ဝေမည်ဖြစ်ပါကြောင်း၊ သတင်းမီဒီယာများအနေဖြင့်လည်း အာဟာရ ဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာဗဟုသုတများကို ပြည်သူများ ထံသို့ တစ်နှစ်ပတ်လုံး ဖြန့်ဝေပေး စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost တို့က Videoconferencing စနစ်ဖြင့် နှုတ်ခွန်းစကား ပြောကြားသည်။
ယင်းနောက် Virtual Exhibition အဖြစ် မိတ်ဖက်အဖွဲ့အစည်းများက ဆောင်ရွက်နေသော အာဟာရ ဖွံ့ဖြိုးရေးလှုပ်ရှားမှု မှတ်တမ်းရုပ်သံ Video များကို ပြသသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ Videoconferencing စနစ်ဖြင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များ၊ အလှူရှင်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ နှင့် သတင်းမီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)