ပဲခူး သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ် ၂၆ရက် နံနက် ၁၀ နာရီက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ရှေ့ပြေးစီမံကိန်းများ လာရောက်ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းနှင့်ပတ်သက်၍ မိမိတို့အစိုးရ အဖွဲ့မှ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ လေကြောင်းဦးစီးဌာနမှ ဆောင်ရွက်ရန်ကျန်သည့် ကိစ္စရပ်များလည်း ရှိနေသေးကြောင်း၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံတော်အဆင့်စီမံကိန်းဖြစ်ပြီး အမျိုးသား အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်သည့် စီမံကိန်းတစ်ခု ဖြစ်သည့်အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ထပ်မံတိုးချဲ့ရန် မြေနေရာမရှိခြင်းနှင့် ကြီးမားသည့် ကုန်တင် လေယာဉ်များ ဆင်းသက်နိုင်ရန်မဖြစ်နိုင်သဖြင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မဖြစ်မနေ ဆောင်ရွက်ရမည့် စီမံကိန်း လုပ်ငန်း တစ်ခုဖြစ်၍ အားလုံး ဝိုင်းဝန်းကြိုးစားပေးကြစေလိုကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် လေကြောင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်းက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန် ဆောင်ရွက်ခဲ့ရမှု အခြေအနေကိုလည်းကောင်း၊ လေကြောင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ပဲခူးမြို့၊ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာလေဆိပ်အား အဆင့်အလိုက် ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ JICA မှ Mr.Uehara က လေဆိပ်ပြေးလမ်းများ၊ အဆောက်အဦများ၊ လေဆိပ်တွင်း ပတ်လမ်းများအား နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွား မည့် အစီအမံများကို လည်းကောင်း၊ Total Business Solution Co., Ltd မှ တာဝန်ရှိသူတစ်ဦးက လေဆိပ် စီမံကိန်းသဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် အပေါ် ကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)