Skip to main content

အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားဖွံ့ဖြိုးမှု စီမံချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၆

အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားဖွံ့ဖြိုးမှုစီမံချက်များ နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ လည်းကောင်း၊ အိန္ဒိယနိုင်ငံဘက်မှ ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr. Ashish Sharma ဦးဆောင်၍လည်းကောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီအထောက်အပံ့ ပေးရေးကိစ္စရပ်များ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လက်မှတ်ရေး ထိုးချုပ်ဆိုခဲ့သည့် အသေးစားဖွံ့ဖြိုးမှု စီမံချက်များ (Small Development Projects- SDP) အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအောက်မှ စီမံချက်များကို ဆောင်ရွက်ရန်ကိစ္စ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနစသည့် ဝန်ကြီးဌာနကိုးခုတို့မှ အဆိုပြုခဲ့သည့် စီမံကိန်းအဆိုပြုလွှာများကို အသုတ်လိုက်စိစစ်ပြီးစီးသည့် အခြေအနေနှင့် အဆိုပါစီမံချက်များအပေါ် အပြန်အလှန်အကြံပြု၍ အိန္ဒိယဘက်မှ ထပ်မံလိုအပ်သည့် အချက်အလက်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများ အကြားအကူအညီအထောက်အပံ့နှင့် နည်းပညာအကူအညီစီမံကိန်းများ အကောင်အထည်ဖော်ရန် တာဝန်ခံဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင် ရွက်လျက်ရှိသည်။

အသေးစားဖွံ့ဖြိုးမှုစီမံချက်များသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက် အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ ပညာ ရေး၊ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများတွင်အချိန်တိုအတွင်း ထိရောက်စွာအကျိုးရှိ အကောင်အထည်ဖော်နိုင်မည့် စီမံကိန်းများကို စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ နှစ်သန်းအောက် ပမာဏဖြင့် ဆောင်ရွက်နိုင်သည့်အကူအညီစီမံချက်များ (Grant Projects) ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်