နေပြည်တော် နိုဝင်ဘာ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ၍မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်းပြီးရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့တွင်တပ်ကုန်းမြို့နယ်၌ ပဉ္စမနေ့အဖြစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မဲရလဒ် မှန် မမှန် စိစစ်
ဦးစွာ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကာ မဲပေးစက်၏ထိန်းချုပ်စက် (Control Unit) ကို မဲဆန္ဒရှင်များ ကိုယ်တိုင်ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
စမ်းသပ်မဲပေး
စမ်းသပ် မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအနေဖြင့် အချိန်တိုအတွင်း မဲပေးစက်ကို နည်းစနစ်တကျ ကိုင်တွယ်နိုင်ပြီး မဲပေးရာတွင် လွယ်ကူရှင်းလင်းစွာ မဲပေးနိုင်ခြင်း၊ မဲရလဒ်များ မှန်ကန် တိကျမှုရှိခြင်း၊ ပယ်မဲမရှိတော့ခြင်း၊ မဲမသမာမှု မပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်းတို့ကို လက်တွေ့ သိရှိရသည့်အတွက် မဲပေးစက်အပေါ် ယုံကြည်သဘောကျ နှစ်ခြိုက်မှုရှိကြောင်းနှင့် နည်းပညာခေတ်၌ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ အဆင့်အတန်း ပြည့်မီသော ရွေးကောက်ပွဲများကို လွတ်လပ်မှု၊ တရားမျှတမှု၊ ဂုဏ်သိက္ခာရှိမှုတို့ဖြင့် ကျင်းပဆောင် ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်တွေ့စမ်းသပ်မဲ ပေးခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ကြက်ခြေနီအဖွဲ့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ အိုင့်ကျယ်ကျေးရွာအုပ်စု၊ မျက်ရဲကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ သံပုရာကုန်းကျေးရွာအုပ်စု၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ကျေးချောင်းကျေးရွာအုပ်စုနှင့် ညောင်တုန်းအိုင်ကျေးရွာ အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့်မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်