နေပြည်တော် နိုဝင်ဘာ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် နိုဝင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်း အဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များကို တွေ့ဆုံ၍ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ နေကြာ၊ နှမ်းနှင့်ဆောင်းမြေပဲတိုးချဲ့စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံ မြို့နယ် လှော်ကားငါးလုပ်ငန်းစခန်းသို့ ရောက်ရှိပြီး စခန်းအတွင်း ဆောင်ရွက်လျက်ရှိသော ဒေသနှင့်ကိုက်ညီသည့် ပြည်တွင်း၊ ပြည်ပ ငါးမျိုးသစ်များ စမ်းသပ်သားဖောက်ခြင်း၊ ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ်များအား ဖော်ထုတ် သုတေသနပြုခြင်း၊ ငါးသားဖောက်ခြင်းနှင့် မွေးမြူရေးနည်းစနစ်များ ပညာပေးဆောင်ရွက်ခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။
နိုဝင်ဘာ ၅ ရက်တွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်နေမှုများ၊ စာသင် ဆောင်၊ ကျောင်းသားအိပ်ဆောင်၊ ကျောင်းသူအိပ်ဆောင်၊ စားရိပ်သာဆောင်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ကာကွယ်ဆေးထုတ်လုပ်ရေးဌာနစု၏ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်း၊ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ပေးနေမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း(ရန်ကုန်)၏ တိရစ္ဆာန် ကူးစက်ရောဂါများ စူးစမ်းရှာဖွေခြင်းနှင့် အတည်ပြုပေးခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ကျန်းမာရေးထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းများ၊ ရောဂါတုံ့ပြန်နိုင်မှု (Antibodies Titre) တိုင်းတာပေးခြင်း၊ ရောဂါစစ်ဆေးရန် ကွင်းဆင်း နမူနာကောက်ယူခြင်း၊ ရောဂါသုတေသနပြု ဆောင်ရွက်ခြင်းလုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ၏ လုပ်ငန်း ဆောင်ရွက်နေမှု၊ ပျားအုံထုတ်လုပ်ရေးစက်ရုံနှင့် ပျားရည်သန့်စင်စက်ရုံတို့ကိုလည်းကောင်း၊ တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ)တွင် ဆောင်ရွက်လျက်ရှိသော အရည်အသွေးပြည့်ဝသည့် မျိုးရည်ခဲချောင်းထုတ်လုပ်ရန် မွေးမြူထားသည့် ဖရီရှန်၊ ပြာစိမ်းနှင့် ရွှေနီနွားမျိုးများကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် လေးထောင့်ကန်ရပ်ကွက် နှင်းဆီ (၅)လမ်းရှိ ပုဂ္ဂလိကနို့စားနွားမွေးမြူရေးခြံ၏ နို့စားနွားမွေးမြူလုပ်ကိုင်နေမှုနှင့် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်(၂၆)ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ ဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်တို့ကို လည်းကောင်းကြည့်ရှု အားပေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများအား အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်