Skip to main content

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံ အနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်း နှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -

- ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသော နိမ့်သောနေရာများ တွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားပါရန်၊

- အကယ်၍ ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားပါရန်၊

- ရေစီးကြောင်းနှင့်နီးသောငါးကန်များတွင် ရေတိုက်စားမှုကာကွယ်ရန်အတွက် တုတ်ရိုက်ပြီးဝါးထရံ များဖြင့် ကာရံ၍ သဲအိတ်များဖို့ထားပါရန်၊

- လိုအပ်ပါက ငါးများ ရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန်နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထားပါရန်၊

- သိုလှောင်ထားသော ငါးအစာနှင့်လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်း ထားပါရန်၊

- ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားပါရန်၊

- မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများအား အစဉ်ဂရုတစိုက် စစ်ဆေးနေပါရန်၊

- ထူးခြားသည့်အခြေအနေများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင် မည့်နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားပါရန်၊

- နိုင်ငံပိုင်ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ်မိုးလေဝသ သတိပေးချက် များနှင့် ပတ်သက်သည့်သတင်းများကို အမြဲဂရုတစိုက်နားထောင်ပါရန်နှင့် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာများတွင်ပါရှိသည့် မိုးလေဝသနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများအား အမြဲမပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက်အလက်ဖလှယ်ကြပါရန်၊

- ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများ နှင့် ဆက်သွယ်အကူအညီတောင်းခံကြပါရန်၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန