နေပြည်တော် အောက်တိုဘာ ၂၃
အားကောင်းသောမုန်တိုင်းငယ် အခြေအနေ
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့၏ အနောက် - အနောက်မြောက်ဘက် ရေမိုင် ၄၂၅ မိုင်ခန့်၊ သံတွဲမြို့၏ အနောက်ဘက် ရေမိုင် ၄၁၀ ခန့်၊ စစ်တွေမြို့၏ အနောက် - အနောက်တောင်ဘက် ရေမိုင် ၃၅၀ ခန့်၊ အိန္ဒိယနိုင်ငံ ပါရာဒစ်မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၅၀ ခန့်၊ ဒီဂါမြို့၏ တောင်ဘက် ရေမိုင် ၂၂၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် ညနေ ၅ နာရီခွဲတွင် မြောက်လတ္တီကျု ၁၇ ဒသမ ၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၇၂ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၁ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်သည်။
နောက် ၆ နာရီအတွင်း ခန့်မှန်းချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ (၂၅.၁၀.၂၀၂၃) ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့နှင့် စစ်တကောင်းမြို့တို့ကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။
သတိပေးနှိုးဆော်ချက်
အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညမှ (၂၅.၁၀.၂၀၂၃) ရက်နေ့အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၀ ပေခန့်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ အားကောင်းသော မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ