နေပြည်တော် အောက်တိုဘာ ၂၂
မြန်မာ့ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ၊ အေဂျင်စီအဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် စက်မှုဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်တောင်သူများတက်ရောက်သည်။
ကမ္ဘာ့အဆင့်မီ
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကော်ဖီလုပ်ငန်းရှင်များအနေဖြင့် ကော်ဖီစိုက်ပျိုးရာတွင် လိုအပ်သည့် နည်းပညာ၊ သွင်းအားစု၊ လူသားအရင်းအမြစ်နှင့် ငွေကြေးအရင်းအနှီးများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရယူနိုင်ရန်အတွက် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးစေလိုကြောင်း၊ ယနေ့ခေတ်မျက်မှောက်ကာလတွင် ကော်ဖီထုတ်ကုန်သည် ကမ္ဘာ့ကုန်စည်ဈေးကွက်၌ ရေနံရောင်းဝယ်မှုပြီးလျှင် ဒုတိယအဆင့် အရေးပါဆုံးသော တန်ဖိုးမြှင့်သီးနှံကုန်စည်တစ်ခုဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်းအများအပြားကို ဖော်ဆောင်ပေးသကဲ့သို့ နိုင်ငံခြားဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနိုင်သော အလားအလာကောင်းမွန်သေချာသည့် စိုက်ပျိုးရေးအခြေခံထုတ်လုပ်မှုလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးမှုကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသ၊ ချင်းပြည်နယ်တီးတိန်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံဒေသများတွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ပြင်ဦးလွင်ဒေသနှင့် ရွာငံဒေသတို့မှ ထွက်ရှိသည့် မြန်မာ့အာရေးဗီးကားကော်ဖီသည် ကမ္ဘာ့အဆင့်မီသည့် Special Coffee အဆင့်ကို ဝမ်းမြောက်ဂုဏ်ယူဖွယ်ရရှိခဲ့ပြီးဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ The Speciality Coffee Association of Japan အသင်းအဖွဲ့မှ ကြီးမှူး၍ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် World Speciality Coffee Conference & Exhibition တွင် မြန်မာနိုင်ငံကော်ဖီအသင်းမှ ကမ္ဘာ့အဆင့်မီ မြန်မာ့ကော်ဖီများကို ပါဝင်ပြသလျက်ရှိကြောင်း၊ မြန်မာ့ကော်ဖီများကို ကမ္ဘာ့နိုင်ငံများက အထူးစိတ်ဝင်စားကြသည့်အတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများသည် အရည်အသွေးနှင့် အဆင့်အတန်းမီသည့် ကော်ဖီမျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကော်ဖီကုန်ကြမ်းအဖြစ် တင်ပို့ခြင်းသာမက အမြတ်အစွန်း ကွာဟချက်ကြီးမားသည့် တန်ဖိုးမြှင့်ကော်ဖီကုန်ချောများကို Made in Myanmar Brand များကို ထုတ်လုပ်တင်ပို့နိုင်ခြင်းအားဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ယခုထက်ပိုမိုထိုးဖောက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကော်ဖီသီးနှံ ပိုမိုတိုးချဲ့စိုက်ပျိုးလာရေးနှင့် အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံကော်ဖီအသင်း၊ ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီစိုက်တောင်သူများနှင့် နည်းပညာပေးဆွေးနွေးပွဲများ၊ နည်းပညာအသိပညာဖလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ကော်ဖီကို ဒေသတစ်ခုထုတ်ကုန်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်၊ လုပ်ငန်းသုံးစက်ကိရိယာများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး စသည့်အစီအစဉ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြင်ဦးလွင်ဒေသတွင် ဧကပေါင်း ၈၅၀ ဒသမ ၅၀ အတွက် ကော်ဖီစိုက်ပျိုးတောင်သူ ၁၈ ဦးကို ငွေကျပ်၂၅၅ ဒသမ ၁၅ သန်း ထုတ်ချေးပေးပြီး ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအသက်သွေးကြောဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကော်ဖီစိုက်တောင်သူ၊ မြန်မာနိုင်ငံကော်ဖီလုပ်ငန်းရှင်များအသင်း၊ ကော်ဖီလုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပြန်လည်ရှင်းလင်း ဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် Blue Mountain ၊ May Myo Fresh Coffee ၊ MCG ကော်ဖီများ စိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေတို့ကို လှည့်လည်အားပေး ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ယနေ့နံနက်ပိုင်းတွင် အမှတ်(၇)အထည်စက်ရုံ (မြစ်သား) သို့ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ၂/၈၀ ချည်များ စမ်းသပ်ထုတ်လုပ်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စမ်းသပ်ထုတ်လုပ်နေသည့် ၂/၈၀ ချည်များ၏ အရည်အသွေးကို သတ်မှတ်စံချိန်စံညွှန်းများအတိုင်းရရှိအောင် ဆောင်ရွက်ရန်၊ ချည်များ၏ အရည်အသွေးပိုမိုကောင်းမွန်စေရန်အတွက် ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက်တွင် စစ်ဆေးရမည့်နေရာများသတ်မှတ်၍ စစ်ဆေးရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် စက်ရုံအတွင်း ၂/၈၀ ချည်များစမ်းသပ်ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် စမ်းသပ်ထုတ်လုပ်ထားရှိသည့် ၂/၈၀ချည်များ အရည်အသွေး စမ်းသပ်စစ်ဆေးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အမှတ်(၇)အထည်စက်ရုံခွဲ(ဝမ်းတွင်း)သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ဈေးကွက်ကိုအခြေခံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်၊ အထည်များ ရက်လုပ်ရာတွင် ဝယ်ယူသူများကို ဆွဲဆောင်နိုင်သည့် အရောင်၊ အဆင်ဒီဇိုင်းများဖြစ်အောင် ဆောင်ရွက်ရန်နှင့် ထုပ်ပိုးမှုပုံစံများကိုလည်း စနစ်တကျကောင်းမွန်အောင် ဆောင်ရွက်ရန်မှာကြားပြီး ၂/၈၀ ချည်များဖြင့် အထည်များရက်လုပ်နေသည့်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်