Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂၀၂၃ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပမှု တက်ရောက်အားပေး

နေပြည်တော်  အောက်တိုဘာ  ၂၂

၂၀၂၃ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ  မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမသို့ ရောက်ရှိပြီး ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များအား  လိုက်လံကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် (၁၅၁) မှ အတွဲ အမှတ် (၃၀၀) အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများအား တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲအမှတ် (၁၅၁) မှ အတွဲအမှတ်(၂၂၅)အထိ တင်သွင်း ထားသော တင်ဒါအမှတ် (၃) ကို မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ ပုလဲအတွဲအမှတ် (၂၂၆) မှ အတွဲ အမှတ် (၃၀၀) အထိ တင်သွင်းထားသော တင်ဒါအမှတ် (၄) ကို ညနေ ၅ နာရီတွင်လည်းကောင်း တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲပေါင်း ၁၅၀ ရောင်းချရကြောင်း ကြေညာသည်။

ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ  ပုလဲအတွဲပေါင်း ၃၀၀  ရောင်းချခဲ့ရကြောင်း၊ ပြပွဲစတုတ္ထနေ့တွင်  ကျောက်မျက်အတွဲ ၁၆၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်  ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်