Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများအားတွေ့ဆုံပြီး ရေဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်

နေပြည်တော် အောက်တိုဘာ ၂၁

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၌ ကျင်းပသည့် ဝန်ထမ်းတွေ့ဆုံပွဲနှင့် ရေဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က ယခုအခမ်းအနားသည် ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ထိခိုက်ပျက်စီးခဲ့သည့် ရေဘေးသင့် စာရင်းစစ်ရုံးဝန်ထမ်းများကို စာနာထောက်ထားခြင်းဖြင့် ဝန်ထမ်းသက်သာ ရန်ပုံငွေနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ အလှူရှင်သုံးဦးတို့က စေတနာထက်သန်စွာ စုပေါင်းထည့်ဝင်လှူဒါန်းငွေကျပ် ၈၇၁၂၀၀၀ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ ခဲ့ရသည့်အတွက်များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ဝန်ထမ်းများ၏ ကြုံတွေ့နေရသော အခက်အခဲများကိုသိရှိပြီး လိုအပ်သည့် ကူညီဖြည့်ဆည်းမှုများကို ဆောင်ရွက်ပေးနိုင်ရန် ကိုယ်တိုင်လာရောက်တွေ့ဆုံ အားပေးရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပဲခူးတပ်နယ်မှ တာဝန်ရှိသူများ အနေဖြင့်လည်း ရေဘေးသင့် ပြည်သူများထံ သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင်မိမိတို့၏ စစ်ဆေးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်စေရေး အလေးထားစီမံဆောင်ရွက်ကြရန်နှင့် လုပ်ငန်းတာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ကျင့်ဝတ်စံတန်ဖိုးများကို လေးစားလိုက်နာပြီး ထမ်းဆောင်သွားကြ စေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယစာရင်းစစ် ချုပ်က လုပ်ငန်းနှင့် စီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်း စစ်ချုပ်က ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် စာရင်း စစ်ရုံးဝန်ထမ်းများအတွက်လည်းကောင်း၊ ဒုတိယစာရင်းစစ်ချုပ်က ရေဘေးသင့် အငြိမ်းစား စာရင်းစစ် ရုံးဝန်ထမ်းများအတွက်လည်းကောင်း ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းရာ ဝန်ထမ်းများကိုယ်စား ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးက လက်ခံရယူ၍ ဝန်ထမ်းတစ်ဦးနှင့် အငြိမ်းစား ဝန်ထမ်းတစ်ဦးတို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးက ရုံးလုပ်ငန်းဆိုင်ရာများ၊ ရေဘေးကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ပြင်ဆင်ပြီးစီးမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယစာရင်းစစ်ချုပ်က ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်စာရင်းစစ်ရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာရေဘေးသင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၈ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 သတင်းစဉ်