နေပြည်တော် အောက်တိုဘာ ၂၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဒဏ္ခိဏသီရိမြို့နယ်၌ တည်ထားကိုးကွယ်ပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ရင်ပြင်တော်ပတ်လည်ရှိ စကျင်ကျောက်များဖြင့် အနုပညာလက်ရာကွဲပြားစွာ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ အဠကထာဋီကာကျမ်းစာများကို စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Rom-anize Language တို့ဖြင့် ထွင်းထုထည့်သွင်းတည်ဆောက်ထားသည့် ကျောက်စာရုံစေတီတော်များကို လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသသည်။
ထို့နောက် စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်ရှိ ရတနာဆင်ဖြူတော်အဆောင်သို့သွားရောက်ကာ ဆင်ဖြူတော်များကို အစားအစာများ ကျွေးမွေးကြသည်။
ယင်းနောက် စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပသည့် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲသို့သွားရောက်၍ ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်းအရိုင်းအတွဲများ ခင်းကျင်းပြသရောင်းချနေမှုကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌနှင့် အတူလိုက်ပါလာသည့် ပြည်ပဆက်ဆံရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးဌာန အထူးအရာရှိချုပ် Dmitry KRUTOY နှင့် စိန့်ပီတာစဘတ်မြို့ N.P. Napalkov အဆင့်မြင့် ကင်ဆာရောဂါကုသရေးစင်တာ ဒါရိုက်တာ Vladimir M. Moiseyenko တို့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိကြရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center ၌ ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာ သီတာလှက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကင်ဆာဆေးပညာဌာန ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာမျိုးမြင့်မော်က ကင်ဆာဆေးပညာဌာနအကြောင်းကိုလည်းကောင်း၊ ဓာတ်ရောင်ခြည်ကင်ဆာကုဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာမိုးလှိုင်က ဓာတ်ရောင်ခြည်ကင်ဆာကုဌာနအကြောင်းကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ Napalkov အဆင့်မြင့် ကင်ဆာရောဂါကုသရေးစင်တာ ဒါရိုက်တာ Vladimir M. Moiseyenko က Napalkov အဆင့်မြင့် ကင်ဆာရောဂါကုသရေးစင်တာတွင် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် အထူးအရာရှိချုပ်နှင့်အဖွဲ့က ခေတ်မီကင်ဆာဆေးကုသမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ နည်းပညာ အပြန်အလှန်ဖလှယ်ရေး၊ ဆေးပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။
ထို့နောက် အထူးအရာရှိချုပ်နှင့် ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာသီတာလှတို့သည် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုပေးသည့်စက်ခန်းများ၊ Brachytherapy ဖြင့် ကုသမှုပေးသည့်စက်ခန်း၊ PET/CT, Cyclotron Center နှင့် ကင်ဆာဆေးပညာ အတွင်းလူနာဌာနများသို့ လှည့်လည်ကြည့်ရှုကြသည်။
ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြသည်။
သတင်းစဉ်