Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပုဗ္ဗသီရိမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၂၀

ကျင်းပမည့် ရွေးကောက်ပွဲများတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအုပ်စု အေးချမ်းသာယာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးကိုကိုလွင်နှင့် ဦးခင်ဇော်၊ ကော်မရှင်မှတာဝန်ရှိသူများက အဆိုပါလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အောင်သာယာရပ်ကွက်၊ ရွာတော်ကျေးရွာအုပ်စု၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် အေးမြင့်သာယာကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများတက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ကြသည်။

လက်တွေ့စမ်းသပ်မဲပေးရာတွင် မဲဆန္ဒရှင်များက မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို ကိုင်တွယ်၍ ဆောင်ရွက်ခြင်းနှင့် မဲပေးပြီးသည့်အချိန်တွင် မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိမဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ်မှန်မမှန် စိစစ်ခြင်းတို့ကို လက်တွေ့ဆောင်ရွက်ကြသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးရာတွင် အချိန်တိုအတွင်း ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်ခြင်း၊ ပယ်မဲများမရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ မဲရလဒ်များအား အချိန်တိုအတွင်းသိရှိနိုင်ခြင်း၊ မဲမသမာမှုများကို ထိန်းချုပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းအပေါ် ယုံကြည်သဘောကျ နှစ်သက်မှုရှိကြောင်း တွေ့ရှိရသည်။

ထိုသို့ လက်တွေ့စမ်းသပ်မဲပေးခြင်းကို ပုဗ္ဗသီရိမြို့နယ်အတွင်း၌ လေးရက်မြောက်ဆောင်ရွက်ခြင်းဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စုလေးခုမှ မဲဆန္ဒရှင်ပြည်သူများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစုပေါင်းအင်အား ၉၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်