နေပြည်တော် အောက်တိုဘာ ၂၀
တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း အလေးထားလိုက်နာဆောင်ရွက်လျက်ရှိပြီး NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကြီးကိုလည်း အနှစ်သာရရှိစွာ နိုင်ငံတော်အဆင့် အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့သည်။
ထိုသို့ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေလိုသောရည်ရွယ်ချက်များဖြင့် KIA တပ်မဟာ (၆) လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ တပ်မတော်မှ နယ်မြေထိန်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် နမ့်ကွတ်စခန်းအား နေရာ (၃) နေရာမှ အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်လာရာ စခန်းရှိလုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ်ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း သောင်းကျန်းသူအင်အားများပြားလာမှုကြောင့် စစ်ကူစစ်ကြောင်းများမရောက်မီ ညနေ ၄ နာရီခွဲခန့်တွင် စခန်းမှခေတ္တဆုတ်ခွာခဲ့ပြီး စစ်ကူစစ်ကြောင်းများဖြင့် ပြန်လည်ပူးပေါင်းလျက် စခန်းနေရာအားပြန်လည်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ တိုက်ခိုက်လာမှုကြောင့် တပ်မတော်စစ်ကြောင်းများကလည်း KIA တပ်မဟာ(၆)နေရာအား လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူတို့ဖြင့် တန်ပြန်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ရာ KIA အဖွဲ့၏ ကာကင်းနေရာတစ်ခုအား KIA တပ်ဖွဲ့ဝင် အလောင်းအချို့နှင့်အတူ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် KIA ဌာနချုပ် လိုင်ဇာ၏ ရှေ့ကာနေရာဖြစ်သော မိုက်ဆာပါတွင် အခြေပြုလျက်ရှိသည့် KIA အဖွဲ့များက ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ရွာအနီးရှိ တပ်မတော်မှ ဗန်းမော်-ဝိုင်းမော် ကားလမ်းထိန်းစခန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် လဲလုံစခန်းအား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈ ရက်မှစ၍ အောက်တိုဘာ ၂၀ ရက်နေ့အထိ (၈၁) ကြိမ်တိုင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းရှိလုံခြုံရေးတပ်ဖွဲ့ဝင်များက အမြောက်နှင့် လေကြောင်းပစ်ကူရယူ၍ ရွပ်ရွပ်ချွံချွံပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာမှ ယနေ့အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် သောင်းကျန်းသူ အင်အားများပြားလာသည့်အတွက် စခန်းမှခေတ္တဆုတ်ခွာပေးလိုက်ရကြောင်းသိရှိရပြီး စစ်ကူစစ်ကြောင်းများဖြင့်ပူးပေါင်းလျက် အဆိုပါစခန်းအား အမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။