နေပြည်တော် အောက်တိုဘာ ၁၉
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ညှိနှိုင်းဆွေးနွေး
ထိုသို့ တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပူးပေါင်း၍ နှစ်နိုင်ငံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ထမ်းများလေ့ကျင့်သင်ကြားရေး၊ ပညာသင်စေလွှတ်ရေး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အတတ်ပညာရှင်များ အပြန်အလှန်အတွေ့အကြုံ ဖလှယ်ရေး၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာ နည်းပညာအထောက်အကူပြုရေး၊ လုပ်ငန်းသဘောဆွေးနွေးပွဲ များကျင်းပရာတွင် အပြန်အလှန် ဖိတ်ကြားဆောင်ရွက်ရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးပြုသည့် အကြောင်းအရာများကို စတင်လုပ်ဆောင်ရန် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များနှင့် အမျိုးသားစီးပွားရေးနှင့်ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ရုရှားသမ္မတအကယ်ဒမီ (RANEPA)တို့ သဘောတူညီချက်ရေးထိုး ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အဖွဲ့ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှအဖွဲ့ဝင် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးစိုးတင့်နှင့်တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ် အစိုးရအဖွဲ့မှ ပြည်ပဆက်ဆံရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ Vyacheslav G. Kalganov၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ အထူးအရာရှိချုပ် Dmitry M. Krutoy၊ ခရိုင်အုပ်ချုပ်ရေးမှူး Andrey A.Kononov၊ အဆင့်မြင့် ကင်ဆာကုသရေးစင်တာမှဒါရိုက်တာဖြစ်သူ Vladimir M. Moiseenko၊ အမျိုးသားစီးပွားရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ရုရှားသမ္မတအကယ်ဒမီ (RANEPA)မှ ဒါရိုက်တာဖြစ်သူ Andrey D. Khlutkov တို့ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်