နေပြည်တော် အောက်တိုဘာ ၁၉
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတက်ရောက်ပြီး အခမ်းအနားများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဆပ်ကော်မတီအတွင်းရေးမှူး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ငလိုက်ဆည်ရေသောက် စနစ်ရှိတောင်သူများအဖွဲ့(WUG) နှင့် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းအနီးရှိ ရှင်းလင်းဆောင်၌ တွေ့ဆုံသည်။
မျှမျှတတသုံးစွဲ
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆည်ရေများကို အကျိုးရှိစွာသုံးစွဲရန်အတွက် တောင်သူများပါဝင်သည့်အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ပြီးရေကို လေလွင့်မှုမရှိအောင် ညီညီညွတ်ညွတ် မျှမျှတတသုံးစွဲကြရန်နှင့် တောင်သူများဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးခင်ဇော်က ငလိုက်ဆည်ရေသောက် နွေသီးနှံ၊ နွေစပါးရေပေးဝေနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ငလိုက်ဆည်ရေသောက်တောင်သူများအဖွဲ့ (WUG)က နွေစပါး၊ နွေသီးနှံ စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးကာ တဲကြီးကုန်း ကျေးရွာအနီးရှိအောင်မြင် ဖြစ်ထွန်းနေသည့် မိုးစပါးစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်