Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၁၉

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ဦးဆောင်ကော်မတီအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးတို့အတွက် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စံချိန်စံညွှန်းပြည့်ဝသည့် ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများကို ဈေးနှုန်းသက်သာစွာအချိန်မီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သွင်းအားစုများလိုအပ်ချက်အနေဖြင့် ယခုလာမည့် ဆောင်းရာသီ၌ ဆီထွက်သီးနှံများအပါအဝင် သီးနှံ ၁၀ မျိုးနှင့်နွေစပါးစိုက်ဧက ၁၀ ဒသမ ၅၃ သန်းခန့်အတွက် ပန်းတိုင်းအထွက်တိုးရေးစံနှုန်းအရ သုံးစွဲမည်ဆိုပါက မြေဩဇာမက်ထရစ်တန်ချိန် ၁ ဒသမ ၁ သန်းခန့် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆောင်းဆီထွက်သီးနှံနှင့် နွေစပါးစီမံကိန်းတို့အပါအဝင် ဆောင်းရာသီသီးနှံများအတွက် တောင်သူများလိုအပ်သော သွင်းအားစုများ အချိန်မီရရှိပြီး ဈေးနှုန်းသက်သာစွာ အသုံးပြု နိုင်အောင် ကြိုတင်စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်တို့က ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းဆိုင်ရာများကို အကြံပြုဆွေးနွေးတင်ပြကြသည်။

ရှင်းလင်းတင်ပြ

ထို့နောက် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဦးဆောင်ကော်မတီ၏ စိစစ်ထောက်ခံချက်များအရ နိုင်ငံခြားသုံးငွေဝယ်ယူရရှိမှု၊ သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက်ရှိမှု၊ ဖြန့်ဖြူးရောင်းချပြီးစီးမှု၊ ရောင်းချဈေးနှုန်းများနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စိုက်ပျိုးရေးကဏ္ဍအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ယူရီးယားမြေဩဇာသွင်းအားစုများ အချိန်မီ တင်သွင်းဝယ်ယူ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

သတင်းစဉ်