ညောင်ရွှေ အောက်တိုဘာ ၁၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးရေလယ် ဗိုလ်တဲတွင် အင်းလေးရိုးရာ လှေပြိုင်ပွဲ အုပ်စုအဆင့်ပြိုင်ပွဲ စည်ကားသိုက်မြိုက် စွာ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကြကြောင်း သိရသည်။
ယနေ့ အမျိုးသား (၄၆) တက် လှေပြိုင်ပွဲတွင် အိုင်ထောင့်ကြီးရွာ၊ မိုင်းသောက်ရွာ၊ စည်သာရွာ၊ ရေသာ ကုန်းရွာ၊ ကျွန်းကြီးမြောက်ရွာ၊ ကေလာရွာ၊ မြောင်းဝကြီးရွာ၊ ရေမဲပင်ရွာတို့ ယှဉ်ပြိုင်ကြ၍ အမျိုးသား ရာကျော်လှေပြိုင်ပွဲတွင် လယ်သစ်အောက်ရွာ၊ မင်းချောင်း အရှေ့ရွာ၊ ကေလာရွာ၊ အိုင်ထောင့်ကြီးရွာ၊ ရှေ့ဝကြီးရွာ၊ ရွှေပြည်သာရွာ၊ မိုင်းသောက်အင်းရွာ၊ မြောင်းဝကြီးရွာတို့ ယှဉ်ပြိုင်ကြပြီးအမျိုးသမီး(၂၆)တက် လှေပြိုင်ပွဲတွင် အိုင်ထောင့်ကြီး(က)အသင်းနှင့် အိုင်ထောင့်ကြီး(ခ)တို့ ယှဉ်ပြိုင်ကြကာ ဆုချီးမြှင့်ပွဲကို ကျင်းပရာ(၄၆)တက် လှေပြိုင်ပွဲ တွင် ဆုရရှိသော အိုင်ထောင့်ကြီးရွာ၊ စည်သာရွာ၊ ကေလာရွာ၊ မြောင်းဝကြီးရွာတို့ကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က လည်းကောင်း၊ အမျိုးသား ရာကျော် လှေပြိုင်ပွဲတွင် လယ်သစ်အောက်ရွာ၊ ကေလာရွာ၊ ရွှေပြည်သာရွာ၊ မြောင်းဝကြီးရွာတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လည်းကောင်းဆုများချီးမြှင့်ပေးကြပြီး အမျိုးသမီး(၂၆)တက်လှေပြိုင်ပွဲတွင် ဆုရရှိသော အိုင်ထောင့်ကြီး(ခ)အသင်းကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ဇနီးက ဆုချီးမြှင့် ပေးခဲ့သည်။
အဆိုပါ အင်းလေးရိုးရာ လှေပြိုင်ပွဲတွင် ရာကျော်လှေ ရှစ်သင်း၊ (၄၆)တက် လှေရှစ်သင်းအုပ်စုပွဲနှင့် အမျိုးသမီး(၂၆)တက် လှေပြိုင်ပွဲများ ယှဉ်ပြိုင်ကျင်းပပြီး အနိုင်ရရှိသည့် အသင်းများသည် ညောင်ရွှေမြို့သို့ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ရှင်တော်များ ကြွချီအပူဇော်ခံမည့် အောက်တိုဘာ ၂၁ ရက်တွင် ဗိုလ်လုပွဲအဖြစ် စည်ကားသိုက်မြိုက်စွာ ယှဉ်ပြိုင်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်