Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပုဗ္ဗသီရိမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ အောင်သုခကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာအုပ်စုနှင့် ပုဇွန်ဆိပ်ကျေးရွာအုပ်စု၊ ဆင်ဖြူရှင်ရပ်ကွက်၊ နဝဒေးရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ ဇေယျာဒီပရပ်ကွက်နှင့် သပြေစမ်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

လက်တွေ့ဆောင်ရွက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုပြီး စမ်းသပ်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး မဲဆန္ဒရှင်များက မဲပေးစက်၏ထိန်းချုပ်စက်ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးပြီးသည့်အချိန်တွင် မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းတို့ကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ လက်တွေ့စမ်းသပ်မဲပေးခြင်းကို ပုဗ္ဗသီရိမြို့နယ်အတွင်း၌ သုံးရက်မြောက်ဆောင်ရွက်ခြင်းဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၀ ခုတို့မှ မဲဆန္ဒရှင်ပြည်သူများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် စုစုပေါင်း ၄၄၁ ဦး တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ကြသည်။

မဲပေးစက်အသုံးပြု၍ မဲပေးခြင်းသည် မဲဆန္ဒရှင်များအနေဖြင့် အချိန်တိုအတွင်း ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်ခြင်း၊ ပယ်မဲများမရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ မဲရလဒ်များကို အချိန်တိုအတွင်း သိရှိနိုင်ခြင်း၊ မဲမသမာမှုများထိန်းချုပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်