Mr. Neth Phaeaktra ၊ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး
တွေ့ဆုံမေးမြန်း-ခင်ရတနာ ၊ ဓာတ်ပုံ - Sam Vibol
မဲခေါင်-လန်ချန်း မီဒီယာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ အပြီးသတ်အခမ်းအနားတစ်ခုကို စက်တင်ဘာလကုန်က ကမ္ဘောဒီးယားနိုင်ငံ စီဟာနုပြည်နယ် ဆိုခါ၌ ကျင်းပခဲ့သည်။ “Shared River, Shared future and the role of Journalist” အစီအစဉ်ကို ၂၀၂၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ တစ်နှစ်တာအတွင်း မဲခေါင်-လန်ချန်းဒေသအတွင်းရှိ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ သတင်းစာဆရာများအား လေးကြိမ်တိတိ သတင်းနှင့် စာနယ်ဇင်းအတတ်ပညာများ ဖြန့်ဝေပေးနိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါအစီအစဉ်ကို တရုတ်နိုင်ငံ၏ကူညီပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ မဲခေါင်-လန်ချန်း မီဒီယာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ အပြီးသတ်အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးတက်ရောက်ခဲ့စဉ် တွေ့ဆုံမေးမြန်း ခဲ့သည်များကို ကောက်နုတ်တင်ပြလိုက်ရပါသည်။
မေး ။ ။ နိုင်ငံတစ်နိုင်ငံမှာ စာနယ်ဇင်းရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ ရှိနိုင်ပါသလဲ။
ဖြေ ။ ။ နိုင်ငံတိုင်းမှာ စာနယ်ဇင်းလို့ပြောပြော၊ မီဒီယာလို့ပြောပြော မဖြစ်မနေရှိဖို့ လိုပါတယ်။ တိတိကျကျပြောရရင် သတင်းစာဆရာစစ်စစ်တွေလိုတယ်။ ဒါမှသာအဲဒီနိုင်ငံအတွက်၊ ပြည်သူတွေအတွက် သတင်းအချက်အလက်တွေရမယ်၊ ဆင်ခြင်စရာ၊ တွေးခေါ်စရာတွေနဲ့ နေ့စဉ်လူမှုဘဝမှာ လိုအပ်တဲ့သတင်းအချက် အလက်မျိုးစုံကို မီဒီယာတွေကနေ ရရှိတာဆိုတော့ နိုင်ငံတိုင်းမှာ မီဒီယာက အားကိုးအားထားပြုစရာပါ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖို့ မီဒီယာရဲ့အခန်းကဏ္ဍက အတော်အရေးကြီးပါတယ်။
မေး ။ ။ အခုလို မဲခေါင်-လန်ချန်း စာနယ်ဇင်းသမားတွေ အတူတကွ တွေ့ဆုံလှုပ်ရှားမှုပြုကြတဲ့ အပေါ်မှာ ဝန်ကြီးရဲ့အမြင်နဲ့ ရလာမယ့်အကျိုးကျေးဇူးတွေ သိလိုပါတယ်။
ဖြေ ။ ။ အခမ်းအနားရဲ့ အဖွင့်မိန့်ခွန်းမှာလည်း ကျွန်တော် ပြောခဲ့ပါတယ်။ သတင်းအချက်အလက်ဆိုတာ ကျွန်တော်တို့နိုင်ငံဖြစ်ဖြစ်၊ ခင်ဗျားတို့နိုင်ငံဖြစ်ဖြစ် နေ့စဉ် အများကြီး ဖြစ်ပျက်နေတယ်။ အခုလိုတွေ့ဆုံမှုတွေကနေ သတင်းစာဆရာတွေမှာ မိတ်ဆွေအသစ်တွေရမယ်။ ကိုယ့်နိုင်ငံရဲ့သတင်းတွေကို နိုင်ငံပြင်ပကနေ ပြန်မြင်တွေ့ရမယ်။
အဲဒီလိုပဲ သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်ခွင့် ရမယ်။ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း အစရှိတဲ့ မဲခေါင်မြစ်စီးဆင်းရာနိုင်ငံတွေက သတင်းသမားတွေ အတူရှိနေကြရင် ပြောစရာတွေအများကြီးရှိလာမယ်။ တကယ်လည်းကျွန်တော်တို့ ဒီအစီအစဉ်ကနေ အတူသတင်းလိုက်ကြတဲ့ အတွေ့အကြုံတွေရကြတယ်။ ပြောရရင် ကမ္ဘောဒီးယားနဲ့ မြန်မာကအခြေအနေအတော်များများတူတယ်။ ဖွံ့ဖြိုးဖို့ အားယူနေရတာလည်းတူသလို နိုင်ငံသားတွေရဲ့ အသားအရောင်၊ အစားအသောက်၊ ရာသီဥတုအတော်များများ ဆင်တူနေကြတယ်။ ဒါပေမယ့်မတူတာတွေလည်း ရှိမှာပေါ့။ ဥပမာယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ ကွဲပြားနိုင်မယ်။ ထင်ရှားတဲ့နေရာနဲ့ ပုံသဏ္ဌာန်တွေမတူနိုင်ဘူး။ ဒါတွေကို မီဒီယာတွေအချင်းချင်း ပူးပေါင်းဖလှယ်တင်ဆက်နိုင်ရင် နှစ်နိုင်ငံပြည်သူတွေ ပိုအကျိုးများမယ်။ ကျွန်တော်မျှော်လင့်တာကတော့ အခုအစီအစဉ်ကနေ အကျိုးကျေးဇူးအနေနဲ့ တစ်နိုင်ငံအကြောင်းကို အခြားတစ်နိုင်ငံက ပိုသိရှိလာမယ်။ အဲဒီလိုနဲ့သတင်းအချက်အလက်တွေ ပိုဖြန့်ဝေလာနိုင်မယ်။ ဒါနဲ့အတူကျွန်တော်တို့ အမြဲကြုံတွေ့ခံစားနေရတဲ့ သတင်းတု/သတင်းမှားတွေကိုလည်း မီဒီယာအချင်းချင်း စုပေါင်းထားမယ်ဆိုရင် အတူတွန်းလှန်လာနိုင်ပါလိမ့်မယ်။ ဒါကိုဘာကြောင့် ထည့်ပြောရသလဲဆိုရင် သတင်းတု/သတင်းမှားတွေဆိုတာ ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ဘူးလေ။ ဒါတွေကို စစ်မှန်တဲ့သတင်းသမားတွေက စာနယ်ဇင်းအတတ်ပညာအပြည့်နဲ့ တန်ပြန်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဒီအစီအစဉ်ကနေ နောက်ထပ်အကျိုးကျေးဇူးလို့ဆိုလိုက်ရင် ဒေသတွင်းနားလည်မှုတွေ ပိုမြင့်မားလာမယ်။ အတူသတင်းတွေ ဖော်ထုတ်ကြရင်းဒေသတွင်းမှာ ပိုငြိမ်းချမ်းလာမယ်။ စာနယ်ဇင်း ဆိုင်ရာ စံနှုန်းတွေဖြစ်တဲ့ သတင်းရေးသားနည်းစနစ်တွေ၊ အင်တာဗျူးနည်းပညာတွေ၊ သတင်းထုတ်ပြန်ရေးပုံစံတွေစတဲ့ အသိပညာတွေကို ဖလှယ်ပြီးသားဖြစ်လို့ အလေ့အကျင့်ကောင်းတွေ ပိုရလာစေမှာပါ။ ဒီလိုနဲ့တိကျမျှတတဲ့ အစီရင်ခံမှုတွေကို ဖြည့်ဆည်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မေး ။ ။ သတင်းတု/သတင်းမှားတွေနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုကာကွယ်တားဆီးနေသလဲရှင့်။
ဖြေ ။ ။ သတင်းတု/သတင်းမှား မှာမှ ထပ်ပြီးခွဲခြားလိုက်ရင် တစ်ဝက်တစ်ပျက်အမှားတွေ၊ အနည်းငယ်ပြုပြင် ထားတာတွေ၊ လုံးဝကိုမမှန်တဲ့သတင်းတွေ စသည်ဖြင့် ပုံစံအမျိုးမျိုး ပါဝင်ပါတယ်။ ဒီလိုသတင်းတု/သတင်းမှားတွေကို နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအစရှိတဲ့ ကဏ္ဍအသီးသီးမှာ မြင်နေရတယ်။ ကမ္ဘောဒီးယားနိုင်ငံကလည်း အခြားနိုင်ငံတွေလို သတင်းတု/သတင်းမှားတွေရဲ့ စိန်ခေါ်မှုကို ကြုံတွေ့နေရပါတယ်။ အဓိကကတော့ ဒီလိုအခြေအနေတွေကို ကြံ့ကြံ့ခံနိုင်ဖို့ နိုင်ငံတွင်းက သတင်းမီဒီယာတွေရဲ့ စာနယ်ဇင်း အတတ်ပညာကို မြှင့်တင်ပေးတာ၊ သတင်းထုတ်ပြန်ခြင်းနဲ့ဆိုင်တဲ့ ဥပဒေတွေကို အားကောင်းလာအောင် ဆောင်ရွက်တာတွေ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ ကြိုးပမ်းတဲ့အခါ သတင်းတု/သတင်းမှားတွေရဲ့ အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး အများပြည်သူသိနားလည်သဘောပေါက်စေဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်နေပြီး ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေဖို့ တရားဥပဒေနဲ့အညီဖော်ထုတ် အရေးယူလျက်ရှိပါတယ်။ သတင်းတုတွေဆိုရင် ဥပမာကမ္ဘောဒီးယားနဲ့ ဗီယက်နမ်၊ ထိုင်း အစရှိတဲ့ နယ်စပ်ပြဿနာမျိုးတွေမှာ အမှန်နဲ့ကင်းကွာတဲ့သတင်းတွေရှိနေသလို နားလည်မှုလွဲမှားတာ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအခန့်မသင့်ဖြစ်စေနိုင်တာမျိုးတွေကို မြင်တွေ့ရတယ်။ ဒါတွေကို ပြည်သူတွေက လက်သင့်မခံသင့်သလို အရည်အချင်းပြည့်ဝတဲ့ သတင်းသမားတွေအနေနဲ့လည်း မျှတပြီးဓမ္မဓိဋ္ဌာန်ကျတဲ့ သတင်းတွေကို ရေးသားဖော်ထုတ်ရင်း ဒေသတွင်းချစ်ကြည်ရေးကို တိုးမြှင့် လာနိုင်မယ်လို့ အကြံပြုလိုပါတယ်။
မေး ။ ။ မြန်မာနိုင်ငံက ပြည်သူတွေကိုရော ကမ္ဘောဒီးယားနိုင်ငံရဲ့ ပြန်ကြားရေးဝန်ကြီးက ဘယ်လိုသတင်းစကားပါးချင်ပါသလဲရှင့်။
ဖြေ ။ ။ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံကအတော်များများ ဆင်တူတယ်လို့ ပြောခဲ့ပြီးပါပြီ။ နှစ်နိုင်ငံစလုံးက သမိုင်းကြောင်းကြွယ်ဝပြီး ယဉ်ကျေးမှုဓလေ့ထုံးစံတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့သာယာဝပြောရေးအတွက် အတူလက်တွဲလုပ်ဆောင်ပြီး အချင်းချင်းသင်ယူရင်းနဲ့ အပြန်အလှန်ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးသွားမယ်လို့ ယုံကြည်ပါတယ်။ ။