နေပြည်တော် အောက်တိုဘာ ၁၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်နှင့် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ကာ စေတီတော်ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စဝ်စံထွန်းရပ်ကွက် မူလမင်းကွန်းကျောင်းတိုက်၌ နိုင်ငံတော်ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အမှူးပြုသော နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများနှင့် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပရိသတ်များက နိုင်ငံတော်ဩဝါဒါစရိယ၊ တောင်ကြီးမြို့ကံသာရပ်ကွက် စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တောင်ကြီးမြို့ ချမ်းသာရပ်ကွက် ဘုရားကြီးအနောက်ကျောင်း ဆရာတော်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသဇ္ဇန၊ တောင်ကြီးမြို့ နောင်ခဲကျေးရွာ အုပ်စုနောင်ခဲကျောင်းဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တခေမာစာရ၊ တောင်ကြီးမြို့ ချမ်းသာရပ်ကွက် သိမ်တောင်ကျောင်း ဆရာတော်၊ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇဝန္တ၊ တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက် ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ (ငှက်တွင်း)ဥက္ကဋ္ဌ စတုဘုမ္မိကကျောင်း ဆရာတော် ဘဒ္ဒန္တသုန္ဒရတို့က ပစ္စုပ္ပန်၊ သံသရာနှင့်အနာဂတ်သာသနာတော်အတွက် ကောင်းကျိုးဖြစ်ထွန်းစေမည့်ဩဝါဒများ မိန့်ကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စွန်းလွန်းဂူကမ္မဋ္ဌာန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ကရှမ်း ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ပူဇော်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးထံ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၁၉၂၆ ဆူကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သိမ်တောင်ကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာ တရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော်ကြီးများကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်