နေပြည်တော် အောက်တိုဘာ ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များကို ယနေ့မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တက္ကသိုလ်ပါမောက္ခချုပ်များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို တက္ကသိုလ်ဝန်ထမ်းများ အားလုံးသိရှိအောင် ထပ်ဆင့်ရှင်းလင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ နိုဝင်ဘာ ၁၆ ရက်တွင် တက္ကသိုလ်များ၌ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံရာတွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးကြစေလိုကြောင်း၊ တက္ကသိုလ်များအားလုံးကို နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ မကြာမီကာလတွင် ပညာရေးဝန်ကြီးဌာန၏ အမျိုးသား အားကစားလှုပ်ရှားမှုအဖြစ် အခြေခံပညာ၊ အဆင့်မြင့် ပညာ၊ ဆရာအတတ်ပညာ ကဏ္ဍသုံးခုတွင် ဒေသအဆင့်၊ ဗဟိုအဆင့် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း။
၂၀၂၄ ခုနှစ် ဧပြီလတွင် တစ်နိုင်ငံလုံး အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် စာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ တက္ကသိုလ် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများအားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဦးစီးဌာနလမ်းညွှန်ချက်များကို လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်