နေပြည်တော် အောက်တိုဘာ ၁၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့မွန်းတည့် ၁၂ နာရီတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mr.J.M.J.P Bandara အား မွန်းလွဲ ၂ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံနှစ်နိုင်ငံအကြား ရန်ကုန်-ကတ္တမန္ဒူး၊ ရန်ကုန်-လုမ္ဗိနီ၊ မန္တလေး-လုမ္ဗိနီတို့အကြား အပြန်အလှန် တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲရေး၊ မြန်မာနိုင်ငံမှ ထွက်ရှိသော ပင်လယ်စာထုတ်ကုန်များ ပို့ကုန်အဖြစ်ပို့ဆောင်ရေး၊ မြန်မာနိုင်ငံရှိ ထင်ရှားသောဘုရားစေတီများနှင့် မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ အထင်ကရနေရာများသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်နိုင်ရေး၊ ကတ္တမန္ဒူးမြို့ရှိ နီပေါနိုင်ငံဆိုင်ရာမြန်မာသံရုံးနှင့် လုမ္ဗိနီဖွံ့ဖြိုးမှုကောင်စီတို့အကြားချုပ်ဆိုခဲ့သော နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်တော်ရှိ မြန်မာရွှေကျောင်းတော်ကြီးနှင့် လောကမဏိစူဠာစေတီတော်တို့အတွက် မြေငှားရမ်းခ လျှော့ပေါ့ပေးဆောင်စေရေးအပါအဝင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ပြည်ပနိုင်ငံသားများသည် လေယာဉ်စရိတ်မှအပ ကျန်ဆွမ်းကွမ်း နေထိုင်စားသောက်စရိတ်များကို ကျခံရန်မလိုအပ်ဘဲ အေးချမ်းစွာပညာသင်ကြားလျက်ရှိသကဲ့သို့ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့နှင့် ကန္ဒီမြို့တို့ရှိ ဗုဒ္ဓတက္ကသိုလ်တို့တွင် ပညာသင်ကြားလျက်ရှိသော မြန်မာရဟန်းတော်များ စရိတ်များလျှော့ချပေးရေးအပါအဝင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်းသိရသည်။
တွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
သတင်းစဉ်