Skip to main content

ပြည်ထောင်စုဝန်ကြီးဦးလှမိုး အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် အောက်တိုဘာ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ်များမှ တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုအလုပ်ရုံဆွေးနွေးပွဲတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနများရှိ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှ ညွှန်ကြားရေးမှူးအဆင့်ထိ အရာထမ်း ၉၇ ဦးကို ၄ ရက်ကြာ ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ (၂)နှစ်ခွဲကာလအတွင်း တိုးတက်အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင်ထားကြရန်လိုကြောင်း၊ ဆွေးနွေးပွဲမှ ရလဒ် Result ကောင်းများ ရရှိနိုင်စေရန်ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဦးစီးမှူး၊ ဦးစီးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဆက်လက်ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း။

ဆွေးနွေးပွဲက ရရှိလာသည့်ရလဒ်ကောင်းများကို မိမိတို့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချပြီး အကျိုးရှိရှိဆောင်ရွက်ကြရန်၊ သမဝါယမစနစ်ပီပြင်စွာဖြင့် ပြည်သူများကို ဝန်ဆောင်မှုပေးရန်၊ သမဝါယမစနစ်၏ ကောင်းကျိုးများကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်သမဝါယမဦးစီးဌာနမှူးများက တင်ပြရန်ရှိသည်များကို တစ်ဦးချင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆွေးနွေးပွဲတွင် သင်တန်းသား သင်တန်းသူများအား ခေါင်းဆောင်မှုဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ၊ အဂတိတားဆီးကာကွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး OVOP လုပ်ငန်းအတွက် Pilot Project ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဘတ်ဂျက်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီးအဖွဲ့များတွင် ခွဲဝေပေးထားသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သမဝါယမ(မြစိမ်းရောင်)စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အားသာ၊ အားနည်းချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်