Skip to main content

ပြေးခုန်ပစ် နည်းပြသင်တန်းဖွင့်လှစ်

နေပြည်တော် အောက်တိုဘာ ၁၆

ပြေးခုန်ပစ်အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြေးခုန်ပစ်နည်းပြဆရာကောင်းများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေး အစီအစဉ်ဖြင့်ဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ရန်နှင့် အောင်မြင်မှုရရှိစေရန်အတွက် ထူးချွန်သည့် အားကစားသမားများ ရှိရုံသာမက ထူးချွန်သည့် နည်းပြများလည်းရှိရန်လိုအပ်ကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ရှားပါးလာပြီဖြစ်၍ အားကစားသမားများ၏ ငယ်စဉ်ဘဝအားကစားကို စတင်လိုက်စားချိန်မှစတင်ပြီး အခြေခံကောင်းများကို နည်းစနစ်တကျမှန်မှန်ကန်ကန် သင်ကြားပြသပေးရန်မှာလည်း နည်းပြများ၏ အရေးအကြီးဆုံးတာဝန်တစ်ခုဖြစ်ပါကြောင်း။

ယခုဖွင့်လှစ်သည့် ပြေးခုန်ပစ် နည်းပြသင်တန်းသည် မြန်မာ့ပြေးခုန်ပစ်အားကစား အဆင့်အတန်းတိုးတက်မြင့်မားစေရေးအတွက် များစွာအထောက်အကူပြုပေးနိုင်မည့် အလွန်ထိရောက်သော သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးမည့် ခေတ်မီအဆင့်မြင့် အသိပညာ၊ အတတ်ပညာများကို မိမိတို့၏အတွေ့အကြုံကောင်းများနှင့် ပေါင်းစပ်ပြီး မြန်မာ့ပြေးခုန်ပစ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အစွမ်းကုန်ပြန်လည်အသုံးချ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာ့အားကစား အောင်မြင်မှုများအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသည့် နည်းစနစ်ကျွမ်းကျင်သူ အိန္ဒိယနိုင်ငံမှ Dr. Natarajan က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်မှ နည်းစနစ်ကျွမ်းကျင်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့လက် ရွေးစင်ပြေးခုန်ပစ် အားကစားသမားဟောင်းများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

အဆိုပါ သင်တန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ (၂၆)ရက်အထိ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်မှ နည်းစနစ်ကျွမ်းကျင်သူ မလေးရှားနိုင်ငံမှ Mr. Simon Lau နှင့် အိန္ဒိယနိုင်ငံမှ Dr.R.Natararajan တို့က နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ ၃၀ တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်