Skip to main content

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)  (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌  ကျင်းပပြုလုပ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့မှ ခေါင်းဆောင်များ၊ NCA ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် တပ်မတော်အရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ အရပ်သားကိုယ်စားလှယ်များ၊ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် လေ့လာသူ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများက “NCAမှသည် စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် အကြံပြုချက်များ၊ စိန်ခေါ်မှုများ၊ အားသာချက်နှင့် အားနည်းချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။  

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆွေးနွေးချက်များမှ ရရှိလာသည့် သဘောထားများကို ပြန်လည်စုစည်းဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။

အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူအားလုံးက ဆွေးနွေးချက်များအရ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ တက်ရောက်လာခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ တက်ရောက်ဆွေးနွေးစေလိုပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်