နေပြည်တော် အောက်တိုဘာ ၁၄
(၁၁)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးတွင် အလေ့အကျင့် ကောင်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ကျင့်သုံးခြင်းဖြင့် မိမိတို့၏ ထုတ်ကုန်၊ ထုတ်လုပ်မှုနည်းစဉ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေးပြည့်ဝပြီး နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိစေခြင်းကြောင့် ကုန်သွယ်မှုတွင် လွယ်ကူချောမွေ့စေပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအားလည်း ပိုမိုမြင့်မားလာကာ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာစံချိန်စံညွှန်းချမှတ်ခြင်း လုပ်ငန်းစဉ်အနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခုအခါ သက်ဆိုင်ရာကဏ္ဍအလိုက် မြန်မာစံချိန်စံညွှန်းအရေ အတွက် ၇၅၆ ခုကို အတည်ပြု ချမှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အပြည်ပြည် ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီး၏ Secretary General Mr Sergio Mujica ၏ အမှာစကားနှင့် ISO ၏ World Standards Day (2023)ဆိုင်ရာ ဗီဒီယိုပြသပြီး ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပညာရှင်များနှင့် တာဝန်ရှိသူများက အမျိုးသားအဆင့်အရည် အသွေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြရာ တက်ရောက်သူများက ပြောကြားချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက panelist များကို ဂုဏ်ပြုမှတ် တမ်းလွှာများ ချီးမြှင့်သည်။အခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များဖြစ်ကြသော ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီဝင်များ၊ UMFCCI နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ MSMEs အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးဆိုင်ရာအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်