Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းတို့မှ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးနှင့် ဆေးရုံဝန်းကျင်၌ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး သစ်ပင်များ၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ပေးတွေ့ဆုံအား

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ကျေးရွာနှင့် ကျွန်းတောကြီးကျေးရွာရှိ ဒေသခံပြည်သူနှစ်ဦး၏ သုံးပင်ပတ်လည်၊ သွပ်မိုး၊ ဝါးထရံကာနေအိမ်များအား ရုတ်တရက်တောင်ကျ ချောင်းရေတိုက်စားပြီး ရွာသားတစ်ဦး၏ ဇနီးနှင့်သမီး တောင်ကျချောင်းရေနှင့်အတူ မျောပါသွားသည့်နေရာသို့ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုကြည့်ရှုပြီး သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီမှ ထောက်ပံ့ငွေကျပ် ငါးသိန်း၊ ဆန်အိတ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ငွေကျပ် ၈၀၄၂၀၀၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါပုံးနှစ်ပုံး၊ အသက်ကယ်အင်္ကျီများ၊ အသက်ကယ်ကြိုးများနှင့် ဆပ်ပြာတောင့်များ ထောက်ပံ့ပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် ဆင်သေရေလွှဲဆည်သို့ ရောက်ရှိ၍ ဆည်၏ကြံ့ခိုင်မှုနှင့်ဆည်အတွင်း ရေဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုပြီး ရေလွှဲဆည်ကြံ့ခိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့ကို အထူးအလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

အဆိုပါဆင်သေရေလွှဲဆည်အနေဖြင့် ပုံမှန်အနက် ပေ ၂၀ ရှိရမည်ဖြစ်ကာ ဆည်၏ဒီဇိုင်းပြု ရေထုထည်စီးနှုန်းသည် တစ်စက္ကန့်လျှင် ၆၈၁၂၉ ကုဗပေ ရေစီးဆင်းနိုင်ပြီး ယခုအချိန်တွင် တစ်စက္ကန့်လျှင် ၂၅၀၀ ကုဗပေခန့်သာ စီးဆင်းနေသဖြင့် အန္တရာယ်မရှိကြောင်းနှင့် စိုးရိမ်စရာမရှိကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် ရေတွင်းဖြူကျေးရွာရှိရွှေဟိန်းအဆင့်မြင့်ဆန်စက်သို့ သွားရောက်၍ ဆန်စပါးများ ကြိတ်ခွဲနေမှု၊ စပါး၊ ပြောင်း အခြောက်ခံစက်ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ထုတ်ကုန်များ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ကြည့်ရှုပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကုန်ထုတ်စွမ်းအား မြင့်မားစေရေး၊ စက်စွမ်းအားပြည့်် လည်ပတ်နိုင်ရေး နှင့် လိုအပ်သည်များ မှာကြားသည်။

ဖူးမြော်ကြည်ညို

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ နဝင်းချောင်းရေစီးဆင်းနေမှုကို သွားရောက်ကြည့်ရှုပြီး သီရိမင်္ဂလာဝဲကြီး ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသအား သွားရောက်ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်