မန္တလေး အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ (၁၁၇) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးအမှုတွဲခန်း (ကျောက်တိုက်)ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက်က ချမ်းမြသာစည်မြို့နယ် အဆိုပါရုံးရှိ ကျောက်တိုက်အဆောက်အအုံသစ်ရှေ့၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး အမှုတွဲခန်း (ကျောက်တိုက်) အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
၎င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍနှင့် မြေအသုံးချမှုဆိုင်ရာ စာရင်းအင်းသတင်း အချက်အလက်များနှင့်ပတ်သက်သည့် ဆောင်ရွက်ရသော မြေတိုင်းတာပြီးရရှိသည့် မြေပုံများ၊ မြေပုံနှင့်ပတ်သက်သော မှတ်ပုံတင်စာရင်းများ၊ သီးနှံစာရင်းများ၊ မှတ်တမ်းအထောက်အထားများကို စနစ်တကျမှတ်ပုံတင်စာအုပ်များဖြင့် စာရင်းပြုစု၍ မြေစာရင်းလက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်နှစ်ကာလကြာရှည်စွာ ထိန်းသိမ်းထားရှိရန်အတွက် ဆောက်လုပ်ထားသည့် အမှုတွဲခန်း (ကျောက်တိုက်)အသစ် ဖြစ်ပါကြောင်း၊ အမှုတွဲခန်းကို သဘာဝဘေးအန္တရာယ်မှ လုံခြုံ၍ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဆောက်လုပ်ထားပြီး ရေရှည်ထိန်းသိမ်းရမည့် စာရွက်စာတမ်းများကိုပျက်စီး၊ ဆုံးရှုံးမှုမဖြစ်စေရေးထားသို သိမ်းဆည်းပြီး ဌာန၏မော်ကွန်းတိုက်တစ်ခုကဲ့သို့ အသုံးချစေခြင်းဖြင့် ဌာန၏လုပ်ငန်းဆိုင်ရာများကို အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ ဌာနစတင်ဖွဲ့စည်းခဲ့သည့် ကိုလိုနီခေတ်မှစ၍ အမှုတွဲခန်း (ကျောက်တိုက်) အဆောက်အအုံများ ဆောက်လုပ်အသုံးပြုခဲ့သည်မှာ ယနေ့ထိတိုင် နှစ်ပေါင်း(၁၁၇)နှစ်တိုင် ရှိပြီဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမှုတွဲခန်း (ကျောက်တိုက်) ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောက်တိုက်တည်ဆောက်ခဲ့သော တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူက အဆောက်အအုံနှင့်ပတ်သက်၍ စာရွက်စာတမ်းများကို ညွှန်ကြားရေးမှူးချုပ်ထံပေးအပ်ပြီး ညွှန်ကြားရေးမှူးချုပ်က ကျောက်တိုက်တည်ဆောက်မှု အရည်အသွေး စစ်ဆေးရေးအဖွဲ့အား အမှတ်တရလက်ဆောင် ပေးအပ်သည်။
၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှုတွဲခန်းအတွင်း စနစ်တကျ ထိန်းသိမ်းထားရှိမှု၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ (၁၁၇) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြသထားသည့် ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် မြေတိုင်းပစ္စည်းများနှင့် ခေတ်နှင့်အညီ အသုံးပြုနေသည့် မြေတိုင်းစက်ပစ္စည်းများနှင့် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။
သတင်းစဉ်