Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သင်တန်းဆိုင်ရာအတွေ့အကြုံများမျှဝေခြင်း အခမ်းအနား (၁၅/၂၀၂၃) ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၃

သင်တန်းဆိုင်ရာအတွေ့အကြုံများမျှဝေခြင်း (Knowledge Sharing) အခမ်းအနား (၁၅/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

တက်ရောက်

သင်တန်းဆိုင်ရာ အတွေ့အကြုံများမျှဝေခြင်း (Knowledge Sharing) အခမ်းအနား (၁၅/၂၀၂၃)သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဇော်မြင့်နိုင်နှင့် ဒေါက်တာလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ က ငွေရေးကြေးရေး တည်ငြိမ်မှုတွင် ထိရောက်သော ငွေပေးချေမှုစနစ်၏ အရေးပါမှုများ၊ ဗဟိုဘဏ်များမှထုတ်ဝေသော ဒစ်ဂျစ်တယ်ငွေကြေးနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်များ၏ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ခရစ်တိုငွေကြေးပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်များ၏ အနာဂတ်ဆောင်ရွက်ချက်များအား သိရှိနားလည်စေလိုပါကြောင်းနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန်နှင့် ကြွယ်ဝချမ်းသာလာစေရန်အတွက် ငွေရေးကြေးရေးတွင် အားလုံးပါဝင်လာရေးသည် အဓိကကျပါကြောင်း၊ ပြီးပြည့်စုံသော အမျိုးသားငွေရေးကြေးရေးစနစ်တွင် အားလုံးပါဝင်လာရေးအတွက် ငွေပေးချေမှုနည်းပညာသစ်များပေါ်ထွန်းလာစေရန်နှင့် လက်ရှိငွေပေးချေမှုစနစ်များအား လုံခြုံ၍ စိတ်ချရသည့် ငွေပေးချေမှုစနစ်များအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်တို့လိုအပ်ပါကြောင်း၊ ထိရောက်သော ငွေပေးချေမှုစနစ်တစ်ရပ်တွင် ငွေပေးချေမှု ကြီးကြပ်ရန်အတွက် ဥပဒေပိုင်းဆိုင်ရာအခြေခံများ ထုတ်ပြန်နိုင်ရေးနှင့် ငွေပေးချေမှုကြီးကြပ်ရေးနည်းလမ်းများ အားကောင်းခိုင်မာရေးသည် မရှိမဖြစ် အရေးကြီးပါကြောင်း၊ အဆိုပါကိစ္စရပ်များအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာထမ်းများ ပိုမို သိရှိနားလည်လာစေခြင်းဖြင့် ကျွမ်းကျင်သူ လူငယ်အစိုးရဝန်ထမ်းများ မွေးထုတ်ရာတွင် များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် “Digital Payments Landscape in Financial Inclusion in Emerging Markets” ခေါင်းစဉ်နှင့် စပ်လျဉ်း၍ ဦးစိုင်းကျော်ကျော် (ညွှန်ကြားရေးမှူး)၊ ဦးစိုးမင်းထွဏ်း (ဒုတိယညွှန်ကြားရေးမှူး)နှင့် ဦးထွန်းအောင်ဖြိုး (ဒုတိယညွှန်ကြားရေးမှူး) တို့က တင်ပြဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့် အရာထမ်းများက အကြံပြုဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်