Skip to main content

ကျောင်းပြင်ပ ပညာရေးကဏ္ဍ၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး

ရန်ကုန် အောက်တိုဘာ ၁၃

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းကို လာမည့်နှစ်နွေရာသီကာလတွင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝန်း စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားရေးအစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ထောက်ကြန့်)၌ ပညာရေးစီမံခန့်ခွဲမှုသင်တန်း တက်ရောက်လျက်ရှိသော နိုင်ငံအဝန်းရှိ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံရာတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ရှင်းလင်း ပြောကြားသည်။

ထို့ပြင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ရှိ သတ်မှတ်မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး ပြည်နယ်အချို့၏ သတ်မှတ်မြို့နယ်များတွင် ရက်ပေါင်း ၄၀ ကြာ သင်ကြားပေးသွားမည့် စာတတ်မြောက်ရေးလုပ်ငန်းအစီအစဉ်များနှင့် ရက်ပေါင်း ၉၀ ကြာ သင်ကြားပေးသွားမည့် စဉ်ဆက်ပညာရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် ပညာရေးဝန်ကြီးဌာနက စီစဉ် လုပ်ဆောင်လျက် ရှိနေပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာဝင်းဖေ က ကျောင်းပြင်ပ ပညာရေးဆိုင်ရာ စာတတ်မြောက်ရေး၊ စဉ်ဆက်ပညာရေးနှင့် တန်းညှိပညာရေးအစီအစဉ်များဖြစ်သည့် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်များကို ယခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် လာမည့်ပညာသင်နှစ်တွင် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး(စာတတ်မြောက်ရေး) ဦးအောင်နိုင်က ကျောင်းပြင်ပ ပညာရေးကဏ္ဍ၏ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ သတ်မှတ်ဦးတည်အုပ်စုများနှင့် စာတတ်မြောက်ရေး လုပ်ငန်းစီမံချက်ပါ အစီအစဉ်လိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် မြို့နယ်ပညာရေးမှူးများက စာတတ်မြောက်ရေးလုပ်ငန်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းနှင့် တန်းညှိပညာရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ)နှင့် ဒုတိယ ညွှန်ကြားရေးမှူး (စာတတ် မြောက်ရေး)တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်