နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို မြို့နယ်အသီးသီး၌ ကျင်းပလျက်ရှိသည်။
မိုင်းယု
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းယုမြို့၌ လူငယ်များ အသိပညာဗဟုသုတ ပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၉ ရက်က မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဦးအားချာက ဟောပြောပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့်အတူ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ စသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိုင်းယုနယ်မြေခံရဲစခန်းမှ စခန်းမှူးရဲအုပ်နိုင်နိုင်ဝင်းက လူငယ်နှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ လူငယ်နှင့်မူးယစ်ဆေးဝါးစသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများကို သုတ၊ ရသ၊ ဗဟုသုတရဖွယ်စာအုပ်များပြသခြင်းနှင့် အသိပညာပေးနံရံကပ် စာစောင်များကို ပြသကာ စသည့်အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်
ဇီးကုန်း
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၌ ကျောင်းသား ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အောက်တိုဘာ ၉ ရက်က ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က- မြို့မ)၌ ပြုလုပ်သည်။
ဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူးဦးရဲထွဋ်ဦးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက လူငယ်စကားဝိုင်းများပြုလုပ်ခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ထို့နောက်လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ကာ အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲ၌ GRADE-10 မှကျောင်းသား ကျောင်းသူများဖြစ်သော မောင်ဆက်ကောင်းစံက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပြည့်ဖြိုးကျော်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မထက်ရည်မွန်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမြတ်သက်ဆုက လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)
အောင်လံ
မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၉ ရက်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။
ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးသန့်မိုးက အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးတင်ဆန်းဝေက ဥပဒေရေးရာအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနိုင်လင်းလင်းက ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး လူငယ်နှင့်အချိန်၏တန်ဖိုး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးအခမ်းအနားသို့ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၃၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)