နေပြည်တော် အောက်တိုဘာ ၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) နှင့် Locus Map Software အသုံးပြုနည်း၊ UTM မြေပုံဖတ်နည်း၊ မြေပုံဖြတ်ခြင်း/ ဆက်ခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
စဉ်ဆက်မပြတ်လေ့လာ
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စနစ်တကျလေ့လာ ဆည်းပူးသင်ယူသည့်အပြင် သင်တန်းပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း လေ့လာသင်ယူရရှိခဲ့သည့် ပညာရပ်များကို အခြေခံ၍စဉ်ဆက်မပြတ် လေ့လာလေ့ကျင့်သွားကြရန်မှာကြားလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ များစွာအထောက်အကူပြုမည့် Locus Map Software အသုံးပြုနည်း၊ UTM မြေပုံဖတ်နည်း၊ မြေပုံဖြတ်ခြင်း/ဆက်ခြင်း သင်တန်းကိုလည်း တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုခေတ်ကာလတွင် အချိန်နှင့်အမျှ တိုးတက်လျက်ရှိသော IT နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ပါက ဝန်ကြီးဌာန၏ လုပ်ငန်းစဉ် ၂ ရပ်ဖြစ်သော နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာအထောက်အကူဖြစ်စေပြီး ပြည်နယ်/ပြည်မ အကြားအလပ်မရှိမျှတအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြားသည့် ဘာသာရပ်များကို သင်တန်းကာလအတွင်း လက်တွေ့အသုံးချနိုင်သည်အထိ သင်ယူကြရန်နှင့် မိမိတို့ ရုံးဌာနခွဲအသီးသီး၌လည်း ပြန်လည်ဆင့်ပွားသင်ကြားပေးကြရန် တိုက်တွန်းပါကြောင်း မှာကြားသည်။
ကြည့်ရှုအားပေး
ထို့နောက် အင်္ဂလိပ်စာ စွမ်းရည်တိုးတက်ရေးသင်တန်း နည်းပြဦးသန်းဆွေက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းများပို့ချသင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်