Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကျောက်တန်းမြို့နယ်၊ သာကေတမြို့နယ်နှင့် အလုံမြို့နယ်အတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ သာကေတမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် အလုံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သီလဝါသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ သာကေတသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်ရုံများ၏နှစ်အလိုက် ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်ငွေ့ရရှိသုံးစွဲမှု၊ ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့လွှတ်ပေးနေမှုနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများကို လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက အလုံပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးမှုဆိုင်ရာ အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထိန်းသိမ်းပြုပြင်ရန် လိုအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက စက်ရုံများသည် Build Operate Transfer (BOT) စနစ်နှင့် Build Operate Own (BOO)စနစ်တို့ဖြင့် ဆောင်ရွက်နေသော စက်ရုံများဖြစ်သည့်အလျောက် လွှဲပြောင်းချိန်တွင် ထိန်းညှိမောင်းနှင်နိုင်ရန်အတွက် ယခုအချိန်မှစတင်၍ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် စက်များစွမ်းအားပြည့် လည်ပတ်ချိန် ကာလရောက်ရှိမှ ပြင်ဆင်ရခြင်းမျိုးမရှိရအောင် အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်စက်အရန်ပစ္စည်းများကိုလည်း အသင့်ကြိုတင်စုဆောင်းထားရှိရန် လိုအပ်ကြောင်း၊ သို့မှသာ ချွတ်ယွင်းမှုဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် အသစ်မတည်ဆောက်နိုင်မီကာလတွင်ရှိပြီး စက်ရုံများကို ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်း ပြုပြင်မောင်းနှင်နေရန်လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပေးစက်ရုံများရှိ ဓာတ်အားထိန်းချုပ်ခန်းများအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှုနှင့် ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အား ထုတ်လုပ်မှုအခြေအနေ၊ Maxpower(Thaketa) Co.,Ltd၊ U Energy Tharkayta Power Co.,Ltd ၊ Myanmar Ahlone Power Plant Co.,Ltd နှင့် Toyo Thai Power Myanmar Co.,Ltd တို့၏ ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေမှုအခြေအနေ၊ TTCL Power Myanmar Co.,Ltd ၏ 380 MW (Gross) Class Com-bined Cycle Power Plant တည်ဆောက်မည့် မြေနေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်