Skip to main content

နေပြည်တော် - တပ်ကုန်းနှင့် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် နည်းပညာတက္ကသိုလ်များမှ လေ့လာရေးအဖွဲ့များ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော် အောက်တိုဘာ ၉

မန္တလေးနှင့် ရမည်းသင်းနည်းပညာတက္ကသိုလ်များမှ ကြီးကြပ်သူဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၁၁၈ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာကြသည်။

ရှေးဦးစွာ ပင်မအဆောက်အဦရှိ Auditorium ခန်းမတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဝင်းသူက နှုတ်ခွန်းဆက်စကားပြောကြားပြီး NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် MRTV မှ ဝန်ထမ်းများ ပါဝင်ဖျော်ဖြေတင်ဆက်မည့် “ငြိမ်းချမ်းရေးလက်မြဲမြဲဆက်” တေးသီချင်းဖြင့် လေ့ကျင့်နေမှုကိုပြသရာ နည်းပညာတက္ကသိုလ်များမှ ကြီးကြပ်သူဆရာဆရာမများက ကြည့်ရှုအားပေးပြီး အကအဖွဲ့အား အမှတ်တရလက်ဆောင် ပေးအပ်သည်။

ထို့နောက် လေ့လာရေးအဖွဲ့များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်တွင် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်ရာ၌ အသုံးပြုခဲ့သည့်စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့်အခြားအသုံးအဆောင် ပစ္စည်းများစသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များမေးမြန်းမှုအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခြင်း၊ ကျောင်းသား ကျောင်းသူများ၏ မှတ်သားဖွယ်ရာ အဖြေလွှာများ၌ ဖြည့်စွက်မှုများအား စိစစ်၍ ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ကြသည်။

အထူးစိတ်ဝင်စားမှုရှိ

အဆိုပါနည်းပညာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများသည် ရေဒီယိုအသံသွင်းခန်းများ၊ ရေဒီယို Master Control Room များ၊ TV Transmitter ၊ 9 Meter Earth Station တို့မှ စက်မှုပိုင်းဆိုင်ရာများ၊ ရုပ်သံထုတ်လွှင့်ပုံများ၊ ဂြိုလ်တုမှဖမ်းယူ၍ ပြန်လည်ထုတ်လွှင့်ပေးမှုများကို အထူးစိတ်ဝင်စားမှုရှိကြောင်း တွေ့ရသည်။

ထို့အတူ ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်လည်း ယနေ့နံနက်ပိုင်းက ရန်ကုန်နည်းပညာတက္ကသိုလ်မှ ကြီးကြပ်သူဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၅၁ ဦးတို့ လာရောက်ပြီး News Studio တွင် National News ရိုက်ကူးနေမှု၊ Studio – 1 တွင် Myanmar International Television Channel (MI) မှ သီတင်းကျွတ်အစီအစဉ် ရိုက်ကူးနေမှုတို့ကို ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။

အဆိုပါ ရန်ကုန်နည်းပညာတက္ကသိုလ်မှ အီလက်ထရောနစ်နှင့် အဝေးဆက်သွယ်ရေး အင်ဂျင်နီယာဘာသာရပ်အထူးပြု ကျောင်းသားကျောင်းသူများသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်)တွင် Studio Production ၊ Media Network ၊ Radio Station ၊ DSNG & Outdoor Broadcasting ၊ Power & Aircon ၊ 9 Meter Earth station ၊ Transmitter (မီတာ ၂၀၀) လုပ်ငန်းများ ဆောင်ရွက်မှုကို ယနေ့အောက်တိုဘာ ၉ ရက်မှစတင်၍ အောက်တိုဘာ ၁၃ ရက်အထိ ကွင်းဆင်းလေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်