နေပြည်တော် အောက်တိုဘာ ၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဝန်ကြီးဌာနနှင့် UNDP - UNHCR တို့အကြားနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရန် MoU ပါ အချက်အလက်၊ အသုံးအနှုန်းများ ပြင်ဆင်၊ အတည်ပြုဆောင်ရွက်နိုင်ရေး၊ MoU တွင် ထည့်သွင်းဖော်ပြမည့် စကားလုံးအသုံးအနှုန်းများနှင့်ပတ်သက်၍ နှစ်ဘက်ညှိနှိုင်းဆွေးနွေးမှုအပေါ် ပြန်လည်ပြင်ဆင်ပြုစုနိုင်ရေး၊ MoU ချုပ်ဆိုရန်ဆောင်ရွက်နေစဉ်ကာလအတွင်း UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာနှင့် နေခွင့်သက်တမ်းတိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်နိုင်ရေး နှင့်ပတ်သက်သည့် လုပ်ငန်းများထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ရိုးရှင်းသည့် MoU တစ်ရပ် ဖြစ်စေရေးအတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သင့်သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်နေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို UNHCR အနေဖြင့် သိရှိနားလည်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။