Skip to main content

(၁၄၉) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၉

၂၀၂၃ ခုနှစ် (၁၄၉) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးက ယနေ့ကျင်းပသည့် အခမ်းအနားသည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union-UPU) ၏ (၁၄၉) နှစ်ပြည့် အခမ်းအနားဖြစ်ကြောင်း၊ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ(ယူပီယူ)တွင် အဖွဲ့ဝင် ၁၉၂ နိုင်ငံရှိပြီး အဖွဲ့ဝင်နိုင်ငံများအတွက် လိုအပ်သည့်နည်းပညာ အကူအညီများ၊ စာပို့လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ထုတ်ပြန်၍ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်ဆောင်ရွက်ပေးသည့် Truly Universal Network အဖြစ်ရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စာပို့ကွန်ရက်များ ပုံမှန်မလည်ပတ်နိုင်သော်လည်း ဒစ်ဂျစ်တယ်နှင့် အိုင်စီတီနည်းပညာများကို စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများတွင် အကျိုးရှိရှိအသုံးချနိုင်သည့်အတွက် အများပြည်သူကို ဝန်ဆောင်မှုများ ဆက်လက်ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ စာပို့တိုက်ဝန်ဆောင်မှုအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ၏သော့ချက်မှာ သုံးစွဲသူ၏ယုံကြည်မှု (Customer Trust) ဖြစ်သည့်အတွက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ(ယူပီယူ)မှလည်း ယခုနှစ်အတွက် ဆောင်ပုဒ်ကို “စိတ်ချယုံကြည်တွဲလက်ညီ” (Together for Trust) ကို ရွေးချယ်သတ်မှတ်ပြီး အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို အများပြည်သူစိတ်ချယုံကြည်စွာသုံးစွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂဌာနချုပ်(UPU) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့စာပို့တိုက် နေ့သဝဏ်လွှာ Video Clip နှင့် ကမ္ဘာ့စာပို့ တိုက်နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ပြသသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် (၅၂) ကြိမ်မြောက် အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်)၌ ပထမဆုရရှိသည့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှ မနန်းအံ့မွန်အိမ်၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှ မောင်ဝေဘုန်းလူ၊ တတိယဆုရရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်မှ မောင်သန်းထိုက်နှင့် အထူးဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်မှ မမေမြင့်မိုရ်ကြည်တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် (၅၂)ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများကိုယ်စား ပထမဆုရှင် မနန်းအံ့မွန်အိမ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများသည် ဆုရကျောင်းသား/သူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး (၁၄၉) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်ပြခန်းတွင် မှတ်တမ်းဓါတ်ပုံများနှင့်ပြခန်းကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။