Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ ၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများနှင့် တွေ့ဆုံရာတွင် “တရားမဝင်ကုန်သွယ်မှုကို နိုင်ငံတော်မှ တိုက်ဖျက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုများတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ့ဝင်ငွေများကို ထိခိုက်နစ်နာစေလျက်ရှိကြောင်း၊ ပြည်ပသို့ ကုန်သွယ်မှုများဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေကို ဖောက်ဖျက်ဆောင်ရွက်မှုများကို ဖော်ထုတ်အရေးယူသွားရန်လိုကြောင်း” ဟု လမ်းညွှန်မှာကြားထားပါကြောင်း။

ထို့ပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံတစ်ခုတွင် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အား ကောင်းမွန်နေရန်လိုအပ်ကြောင်း၊ ယင်းအထဲတွင် စီးပွားရေးမောင်းနှင်အား ကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံရေးနှင့် ကာကွယ်ရေးစွမ်းအားများ၊ တနည်းအားဖြင့် နိုင်ငံရေးနှင့် ကာကွယ်ရေးမောင်းနှင်အားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး အင်အားကောင်းသည့် နိုင်ငံတစ်ခုဖြစ်လာမည်ဖြစ်ပါကြောင်း” ဟုပြောကြားခဲ့ကြောင်း၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ထုတ်လုပ်မှုနှင့်ကုန်သွယ်မှု အဓိကဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ နိုင်ငံ၏ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများကို အဓိကထိုးနှက်နေသည့်အချက်သည် တရားမဝင်ကုန်သွယ်မှုများဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် တရားမဝင်ကုန်သွယ်မှုများရှိသော်လည်း မိမိတို့နိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများသည် ခေတ်အဆက်ဆက် ကျယ်ပြန့်စွာ အမြစ်တွယ်ကြီးထွားနေသည့်အတွက် ယင်းကိုပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မှန်မှန်ကန်ကန်နှင့် မဆောင်ရွက်နိုင်ပါက နိုင်ငံ၏စီးပွားရေးကို ထိခိုက်သည့်အပြင် မိမိတို့ဆောင်ရွက်နေသည့် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာထိခိုက်စေပါကြောင်း၊ ထို့ကြောင့်နိုင်ငံ့စီးပွားရေး မောင်းနှင်အားကောင်းမွန်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင်ကုန်သွယ်မှုကို ယခုထက်ပိုမိုထိရောက်စွာ တားဆီးစစ်ဆေးအရေးယူရန် လိုအပ်ကြောင်း။

ပြီးခဲ့သည့်ဇူလိုင်နှင့် ဩဂုတ်လအတွင်း ထူးခြားဖြစ်စဉ်အနေဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရေယာဉ်၊ မီးရထား၊ မော်တော်ယာဉ်များဖြင့် တရားမဝင်ပြောင်းဆန်သယ်ယူမှုအား ဖော်ထုတ်အရေးယူနိုင်ခဲ့ပါကြောင်း၊ အလားတူရန်ကုန်တိုင်းဒေသကြီးကို ဖြတ်ကျော်၍ တရားမဝင်ပြောင်းဆန်များတင်ပို့ရန်ကြိုးပမ်းမှုကိုလည်းတားဆီးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင်သီလဝါအထူးစီးပွားရေးဇုန်တွင် ကွန်တိန်နာ(၁၁)လုံး တရားမဝင်ထုတ်ယူမှုနှင့်ပတ်သက်၍ ဖော်ထုတ်နိုင်ခဲ့ပါကြောင်း။

ထူးခြားဖြစ်စဉ်များအနေဖြင့် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဩဂုတ်လ ၂ ရက်နေ့တွင် မော်လမြိုင်ဘူတာသို့ ဆိုက်ရောက်ကုန်တင်တွဲ(၅)တွဲ၌ သတင်းအရမသင်္ကာဖွယ်တွေ့ရှိ၍ စိစစ်ရာတင်ပို့လိုင်စင်နှင့် QR Code မပါ အထောက်အထားမဲ့ပြောင်းစေ့အိတ် (၁၆၅၉) အိတ် ဆက်စပ်အမှုအရ ပဲခူး၊ မော်လမြိုင်လမ်းကြောင်းတစ်လျှောက် ကုန်တွဲ (၅၁)တွဲ ပဲခူးဘူတာမှ မသင်္ကာဖွယ်(၃၇)တွဲကို ဖော်ထုတ်နိုင်ခဲ့ကြောင်း။

အလားတူမရမ်းချောင်စစ်ဆေးရေးဂိတ်၌ အထောက်အထားမဲ့ မော်တော်ယာဉ်(၈)စီးကို တားဆီးနိုင်ခဲ့ကြောင်း၊ ထူးခြားမှုအနေဖြင့် ရေကြောင်းဖြင့် တရားမဝင်တင်ပို့မှုကို တားဆီးနိုင်ခဲ့ပါကြောင်း၊ ရန်ကုန်မှမော်လမြိုင်ဘက်သို့ ထွက်ခွာလာသည့်သင်္ဘောပေါ်တွင် အထောက်အထားမဲ့ ပြောင်းစေ့အိတ်များ တွေ့ရှိရသည့်အတွက် ရေယာဉ်မှူးနှင့်ကုမ္ပဏီပိုင်ရှင်တို့၏ ကနဦးထွက်ဆိုချက်များ ကွဲလွဲနေသည့်အတွက် ဆက်လက်ဖော်ထုတ်ခဲ့ပါကြောင်း၊ ရထားတွဲ(၈၈)တွဲ၊ ရေယာဉ်တစ်စီး၊ မော်တော်ယာဉ်(၈)စီးပေါ်တွင် တရားမဝင်အထောက်အထားမဲ့ ပြောင်းစေ့အိတ်(၉၁၃၅၉)အိတ် တန်ချိန်(၄၅၆၇ ဒသမ ၉၅) တန်နှင့် ကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၉ ဘီလီယံကျော် တရားမဝင်ပို့ကုန်အဖြစ် ဆောင်ရွက်ရန်ကြိုးပမ်းစဉ် သက်ဆိုင်ရာ ပြည်သူ့ဝန်ထမ်းကောင်းများ၏ ကြိုးပမ်းမှုအရ တားဆီးဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ထို့အတွက် စီမံကြီးကြပ်သူများနှင့် စေ့စပ်စွာဆောင်ရွက်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းကောင်းများကိုလည်း ဂုဏ်ပြုဝမ်းမြောက်ပါကြောင်းနှင့် မှတ်တမ်းတင်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ဆုပေးဒဏ်ပေးစနစ်ကျင့်သုံး၍ ဝန်ထမ်းကောင်းများကို ထိုက်သင့်သည်များ ဂုဏ်ပြုချီးမြှင့်သွားရမည်ဖြစ်ပြီး တားမြစ်ထားသည့် စည်းမျဉ်းစည်းကမ်းဥပဒေများနှင့် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါကလည်း ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဖမ်းဆီးရရှိမှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်ခဲ့သည့်နိုင်ငံဝန်ထမ်းကောင်းများကို ထိုက်သင့်သည်များကို ဂုဏ်ပြုချီးမြှင့်ရန်လိုကြောင်း။

ဖမ်းဆီးရရှိသည့် အထောက်အထားမဲ့ပစ္စည်းများနှင့် စပ်လျဉ်း၍ အလဟသ လေလွင့်ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံဘဏ္ဍာအဖြစ် အမြန်ဆုံးသိမ်းယူနိုင်ရေး၊ တရားမဝင်ကိုယ်ကျိုးစီးပွားအတွက် သတ်မှတ်တရားဝင်ဆောင်ရွက်ရသည့် လုပ်ငန်းများအား မဆောင်ရွက်နိုင်ခဲ့ကြသည့်ကုမ္ပဏီများကို နိုင်ငံတော်၏ အကျိုးစီးပွားထိခိုက်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည့်အတွက် အမြန်ဆုံးထိရောက်စွာ အရေးယူနိုင်ရေးအရေးပေါ်အထူးအစည်းအဝေးကျင်းပြီး ဥပဒေအကြောင်းအရ အရေးယူနိုင်ရေးနှင့် သိမ်းဆည်းပစ္စည်များ အမြန်ဆုံးလေလံတင်ရောင်းချနိုင်ရေးအပါအဝင် လုပ်သင့်သည်များလုပ်ဆောင်နိုင်ရန် စီမံဆောင်ရွက်ခဲ့နိုင်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ပြောင်းစေ့များမပျက်စီးမဆုံးရှုံးဘဲ ပြန်လည်ထုခွဲရောင်းချနိုင်ခဲ့သည့်အတွက် မူလခန့်မှန်းခဲ့သည့် ငွေကျပ် ၂ ဒသမ ၉ ဘီလီယံထက် ကျော်လွန်ပြီး ငွေကျပ် ၃ ဒသမ ၀၅၇ ဘီလီယံ ရရှိခဲ့သည့်အတွက် မူလထက်သိန်းပေါင်း ၈၀၀ ကျော် ပိုမို၍ပြည်သူ့ဘဏ္ဍာအဖြစ် ရရှိခဲ့ပါကြောင်း။

သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံတော်၏ ပို့ကုန်၊ သွင်းကုန်များစနစ်တကျ ဆောင်ရွက်လျက်ရှိပြီး G to G လည်းဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်မှုအပေါ်တွင် အချို့ကုမ္ပဏီများအနေဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများမှာ သွင်းကုန်လိုင်စင်မရှိဘဲ အခြားကုမ္ပဏီများ၏ သွင်းကုန်လိုင်စင်များကို အလွဲသုံးလုပ်ပြီး ၎င်းတို့၏သွင်းကုန်ပစ္စည်းများကို တင်သွင်းရန် ကြိုးစားဆောင်ရွက်မှုများကို ပြည်သူ့ဝန်ထမ်းကောင်းများက ဖော်ထုတ်တားဆီးပေးနိုင်ခဲ့သည့်အတွက် သွင်းကုန်ပစ္စည်း ကီလိုသုံးသိန်းကျော် ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၉ သန်းကျော်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ယင်းသို့ ဥပဒေမဲ့ဆောင်ရွက်ခဲ့သည့် သက်ဆိုင်ရာကုမ္ပဏီများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဇူလိုင်လနှင့်ဩဂုတ်လအတွင်း ဖမ်းဆီးရရှိမှုများမှာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ဆောင်ရွက်ချက်များဖြစ်ပါကြောင်း။

မိမိတို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အမှုတွဲ(၆၁၁)မှု၊ တန်ဖိုးငွေကျပ်သန်း (၁၀၄၄၅ ဒသမ ၇၄၂)ဖြစ်ပြီး ဩဂုတ်လတွင် အမှုတွဲ(၅၄၀)၊ တန်ဖိုးငွေကျပ်သန်း (၁၂၄၃၄ ဒသမ ၂၄၄) ဖမ်းဆီးရရှိခဲ့ကြောင်း၊ ကာလတူ ၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လနှိုင်းယှဉ်ရာ ယခင်ဇူလိုင်လတွင် အမှုတွဲ(၃၆၉)မှု၊ တန်းဖိုးငွေကျပ်( ၆၁၀ ဒသမ ၃၈၈) သန်းနှင့်ဩဂုတ်လတွင် (၄၈၀)မှု၊ ခန့်မှန်းငွေကျပ် (၇၀၀၂၆၁၃) သန်းဖြစ်ကြောင်း၊ ယခင်နှစ်ထက် ဖမ်းဆီးအမှုတွဲနှင့် ဖမ်းဆီးရမိတန်ဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း သွင်းကုန်အပြင်ပို့ကုန်အပိုင်းများပါ တရားမဝင်ကုန်သွယ်မှုများ ရှိနေဆဲဖြစ်သည်ဟု ဖော်ပြနေသည့်အတွက် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးကို သွင်းကုန်ပိုင်းနှင့် ပို့ကုန်ပိုင်းများကိုပါ ယခင်ကထက်အထူးအဖွဲ့များက စေ့စေ့စပ်စပ်ဖော်ထုတ် ဖမ်းဆီးသွားရန်လိုကြောင်း။

ထို့ပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ သွင်းကုန်အပြင် ပို့ကုန်များအတွက်ပါ မော်တော်ယာဉ်၊ ရေယာဉ်၊ မီးရထားအပါအဝင်ယခုအခါ ကုန်တင်ယာဉ်များဖြင့် ကုန်ပစ္စည်းတင်ပို့နေပြီဖြစ်သည့်အတွက် လေကြောင်းအတွက်ပါ SOP များကိုစနစ်တကျ နောက်ဆုံးအခြေအနေနှင့်အညီ ရေးဆွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် အဓိကအထောက်ကူပြုမည့် e-Lock စနစ်ဖြင့် ကုန်ပစ္စည်းစစ်ဆေးရေး ပို့ဆောင်ရန်အတွက် Pilot Project (၆)လ ဆောင်ရွက်လျက်ရှိကြောင်း၊ Pilot Project ဖြင့် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို မိမိတို့ဆောင်ရွက်လိုသည့် e-Lock စနစ်ဖြင့် ကုန်သေတ္တာနှင့် အလုံပိတ်ယာဉ်များအသုံးပြုသည့် ကုန်ပစ္စည်းများပို့ဆောင်မှုကို Phase အလိုက် အားသာချက်၊ အားနည်းချက်ဖော်ထုတ်၍ နိုင်ငံတစ်ဝှမ်းလုံးပို့ဆောင်နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် မိမိတို့အားလုံးမှ အားတက်သရောဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ဖမ်းဆီးရမိသည့် ပြောင်းစေ့များသည် ပျက်စီးလွယ်သည့်ပစ္စည်းများဖြစ်သည့်အတွက် ဥပဒေအရ အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ရေး အကောက်ခွန်ဥပဒေနှင့် ပို့ကုန်သွင်းကုန်ဥပဒေတွင် ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်ခဲ့၍ ပစ္စည်းများကိုမပျက်မစီးဘဲ ထုခွဲရောင်းချနိုင်ခဲ့သည့်အပြင် စနစ်တကျဆောင်ရွက်နိုင်ခဲ့သည့်အတွက် မူလခန့်မှန်းထားသည့် ငွေပမာဏများထက် ပိုမိုရရှိခဲ့ပါကြောင်း၊ ယင်းမှာလုပ်ငန်းဆောင်ရွက်မှုအပိုင်းတွင်ရှိပြီး ဥပဒေအပေါ်ဝိုင်းဝန်းစဉ်းစားခဲ့ပြီး လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အကောက်ခွန် ဥပဒေအပိုင်းတွင် မူလထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေရှိပါကြောင်း၊ အဆိုပါ ဥပဒေပိုင်းတွင်လည်း ပိုင်ရှင်ဘက်မှ ထိခိုက်နစ်နာမှုမရှိစေရေး လုပ်ထုံးလုပ်နည်းများကြောင့် ပို့ကုန်/သွင်းကုန်ဥပဒေကဲ့သို့ အရေးယူခြင်း၊ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခြင်းအပိုင်းတို့တွင် ကြံ့ကြာမှုရှိသင့်သလောက်ရှိပါကြောင်း၊ သို့ဖြစ်၍ အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေမှုရှိစေရန်နှင့် ဖမ်းဆီးရရှိသည့်ပစ္စည်းများ ဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ရန်လိုအပ်ပါကလည်း ပြင်ဆင်ရန်စဉ်စားသင့်ပါကြောင်း၊ ဥပဒေကို လူကပြုစုခြင်းဖြစ်၍ လူကပင်ပြင်ဆင်၍ရပါကြောင်း၊ အကျိုးအကြောင်းခိုင်လုံရန် လိုအပ်ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ ခေတ်အဆက်ဆက် မိမိတို့နိုင်ငံတွင် အမြစ်တွယ်ခဲ့သည့်အတွက် ပို့ကုန်၊ သွင်းကုန်များအပါအဝင် စက်သုံးဆီ၊ စားသုံးဆီများနှင့် စပ်လျဉ်း၍ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံစီးပွားရေးနှင့် စီးပွားရေးမောင်းနှင်အားကို ထိခိုက်စေမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုသကဲ့သို့ တစ်ဖက်ကလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို တားဆီးပေးနေသည့်လုပ်ငန်းဖြစ်သောကြောင့် တာဝန်ရှိသူများက ယခင်ကထက်ပိုမို၍ ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအတွင်းရေးမှုး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်းက ဦးဆောင်ကော်မတီအစည်းအဝေး (၄/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမြင့်သူရနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၃)သို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြကြသည်။

ထို့နောက် ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့က တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ e-Lock စနစ်ဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေများ၊ နည်းဥပဒေများကို ပြန်လည်သုံးသပ်ပြင်ဆင်ရန်ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ တရားမဝင်ယာဉ်များ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဖမ်းဆီးရမိမှုများနှင့် ကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားမဝင် Online မှ ကုန်ပစ္စည်းများ ရောင်းချနေမှု၊ QR Code အသုံးပြုဆောင်ရွက်နေမှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး(၅/၂၀၂၃) ဆုံးဖြတ်ချက်(မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။

ယင်းနောက်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။