တွေ့ဆုံမေးမြန်း - မြင့်မြတ်သီတာ
ဓာတ်ပုံ - ဇော်ဇော်(တက္ကသိုလ်)
မွန်ပြည်နယ်အတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေးအခြေခံ အစားအစာထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာ ဖြန့်ဝေပေးရေးသင်တန်းကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် ဓနိမှ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်း (ဓနိဝိုင်၊ ဓနိလက်ဖက်ခြောက်၊ ဓနိဆေးအဆီထုတ်ယူခြင်းနည်းပညာ)၊ ကျွဲကောမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း (ကျွဲကောယို၊ ကျွဲကောဝိုင်)၊ အုန်းသီးမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ မင်းကွတ်သီးနှင့် ကြက်မောက်သီးဖျော်နည်းပညာ၊ ဝါးပါကေး၊ ရော်ဘာသစ်ထုတ်ကုန်ပြုလုပ်သည့်နည်းပညာ၊ Vacuum- frying အသီးအနှံအခြောက်များ ထုတ်လုပ်ခြင်း၊ Freeze Dired တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်ခြင်း (ပိန္နဲသီး၊ ဒူးရင်းသီးခြောက်ပြုလုပ်နည်း) စသည့်နည်းပညာများ ဖြန့်ဝေပေးသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသော သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) စီမံ ကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် MSMEs လုပ်ငန်းများအတွက် မွန်ပြည်နယ် စိုက်ပျိုးရေးအခြေခံ အစားအစာထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာဖြန့်ဝေပေးရေးသင်တန်းကို စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးရက်ကြာ စာတွေ့၊ လက်တွေ့ဖွင့်လှစ်ပို့ချပေးခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ၊ သင်တန်းသူသင်တန်းသား ၁၄၃ ဦး တက်ရောက် သင်ကြားခဲ့ရာ တက်ရောက်လာသူများ၏စကားသံများကို စုစည်း ဖော်ပြလိုက်ရပါသည်-
ဦးတိုးဝင်း(အတွင်းရေးမှူး)
မွန်ပြည်နယ်အစိုးရအဖွဲ့
နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ စိုက်ပျိုးရေးထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်နဲ့ SME ထုတ်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်ဖို့၊ Value Added ဖြစ်အောင်ထုတ်လုပ်ဖို့ကို မွန်ပြည်နယ် ဝန်ကြီးချုပ်က အမြဲမပြတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီသင်တန်း ဖြစ်ပေါ်လာတာကတော့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မွန်ပြည်နယ်အတွင်း တက္ကသိုလ်၊ ကောလိပ်တွေ စစ်ဆေးတဲ့ခရီးစဉ်မှာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ညှိနှိုင်းမှုအရဖြစ်ပေါ်လာတာပါ။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်က ကျောင်းတွေဟာ ပြည်နယ်ရဲ့ဒေသဖွံ့ဖြိုးရေးကို ကူညီပေးဖို့၊ မွန်ပြည်နယ်မှာ လိုအပ်နေတဲ့ Production ပိုင်းနဲ့ လူသားအရင်းအမြစ်မွေးထုတ်နိုင်ရေး ပံ့ပိုးပေးဖို့ ညှိနှိုင်းခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်မှာရှိတဲ့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို အကူအညီတောင်းခံပြီး ဒီသင်တန်းကို ဖွင့်လှစ်ခဲ့တာပါ။ ကျွန်တော်တို့ မွန်ပြည်နယ်ဟာ စိုက်ပျိုးရေးကောင်းမွန်ပြီး ဥယျာဉ်ခြံထွက်သီးနှံတွေ ပေါများပါတယ်။ ရာသီအလိုက် ပြည်နယ်တွင်းသာမက အခြားဒေသတွေပါ တင်ပို့နိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်ထိန်းသိမ်းမှုစနစ်နဲ့ ကြာရှည်ခံအောင် ဆောင်ရွက်မှုတွေ လိုအပ်နေပါတယ်။ မော်လမြိုင်မှာ Cold Store အအေးခန်း ၁၁ ခုလောက်ရှိပြီး ငရုတ်သီး၊ အချို့ ငါးခြောက်တွေပါ ထားနိုင်ပါတယ်။ ဒါပေမဲ့ အသီးအနှံတွေကိုတော့ အအေးခန်းနဲ့ထားရာမှာ နည်းပညာလိုအပ်နေပါတယ်။ အခုသင်တန်း မှာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနက အစားအသောက်နဲ့ ပတ်သက်တဲ့ အသီးအနှံတွေကို အခြောက်ခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဆောင်ရွက်တဲ့နည်းပညာ၊ ဓနိဝိုင်၊ ဓနိလက်ဖက်ခြောက်၊ ဓနိအဆီထုတ်ယူခြင်း၊ ကျွဲကောဝိုင်၊ မင်းကွတ်သီး၊ ကြက်မောက်သီး ဖျော်နည်းပညာနဲ့ ရော်ဘာသစ်နဲ့ ဝါးပါကေး ထုတ်လုပ်ခြင်းနည်းပညာတွေ ဖြန့်ဝေတဲ့အတွက် အလွန်အင်မတန်အကျိုးရှိတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာရှိတဲ့ ကုန်သည်၊ စက်မှုအသင်း၊ အသီးအနှံအဖွဲ့တွေ၊ ရော်ဘာအဖွဲ့အစည်းတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးအဖွဲ့နဲ့ပတ်သက်တဲ့ MSMEs လုပ်ငန်းရှင်တွေ ၁၄၃ ဦး တက်ရောက်နိုင်ခဲ့တဲ့အတွက် မွန်ပြည်နယ်အတွက် အလွန်အကျိုး ရှိပါတယ်။ ပြသတဲ့စက်တွေကိုလည်း ဝယ်ယူဖို့ ကမ်းလှမ်းထားပါတယ်။ ဒါကြောင့် မဲခေါင်-လန်ချန်းအစီအစဉ်နဲ့ ဆောင်ရွက်တဲ့ ဒီအစီအစဉ်ကို ဖော်ဆောင်တဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ သင်ကြားပေးသူ ဆရာမတွေအားလုံးကို မွန်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ဒေါက်တာသဇင်ဟန် (ညွှန်ကြားရေးမှူး)
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန
ကျွန်မအနေနဲ့ ဒီသင်တန်းမှာ ဓနိနဲ့ကျွဲကောသီးကနေ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်နိုင်တဲ့ နည်းအဆင့်ဆင့်ကို လက်တွေ့သင်ကြား ပေးတာဖြစ်ပါတယ်။ ဓနိပင်တစ်ပင်လုံးကို အမျိုးမျိုးအသုံးပြုလို့ရတဲ့အထဲမှာမှ တစ်ပင်လုံးရဲ့အသက်ဟာ ဓနိဖူးလေးဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ ကျွဲကောသီးတွေက များစွာထွက်ရှိတဲ့သီးနှံတွေဖြစ်လို့ အရည်အသွေးမီ ထုတ်ကုန်ရရှိစေဖို့ ကုန်ကြမ်းရွေးချယ်မှုမှ ကုန်ချောထွက်ရှိတဲ့အထိ အဆင့်တိုင်းကို သေချာစွာထိန်းချုပ်ဖို့ အရေးကြီးပါတယ်။
ဒေါက်တာကေသွယ်ခိုင်(ဒုတိယညွှန်ကြားရေးမှူး)
သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန
မြန်မာနိုင်ငံမှာ ပေါများစွာထွက်ရှိတဲ့အသီးအနှံတွေ လေလွင့်ဆုံးရှုံးမှုကို လျှော့ချပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်တဲ့သီးနှံ များစွာရှိပါတယ်။ ကျွန်မအနေနဲ့ သင်တန်းမှာ မင်းကွတ်သီး၊ ကျွဲကောသီး ဖျော်ရည်လုပ်နည်း၊ အသီးတွေကို အေးခဲအခြောက်ခံနည်းပညာတွေ သင်ကြားပေးတာဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ မင်းကွတ်သီး၊ ဒူးရင်းသီးတွေ ပေါများစွာထွက်ရှိပြီး အသီးအနှံတွေ လတ်ဆတ်နေလို့ လက်တွေ့သင်ကြားတဲ့အခါမှာ အဆင်ပြေပါတယ်။ ဒူးရင်း၊ ပိန္နဲ၊ နဂါးမောက်၊ စိန်တစ်လုံးသရက်လို ရာသီအလိုက် ကုန်ကြမ်းပေါများစွာထွက်ရှိတဲ့ သီးနှံတွေကို Freeze Dry နည်းပညာကို အသုံးပြုပြီး အဆင့်မြင့်ထုတ်ကုန်ပြုလုပ်ဖို့ သင့်လျော်ပါတယ်။ သင်တန်းမှာ နည်းပညာတွေ သင်ကြားခွင့်ရပြီး မွန်ပြည်နယ် အတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်သွားနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။
ဒေါက်တာသီတာအောင်(ဒုတိယညွှန်ကြားရေးမှူး)
ဓာတုနည်းပညာသုတေသနဗဟိုဌာန
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဝါးစိုက်ပျိုးမှု တတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒီသင်တန်းမှာ ကျွန်မအနေနဲ့ ဝါးပါကေးပြုလုပ်နည်း၊ ရော်ဘာသစ်ထုတ်ကုန်ပြုလုပ်နည်း၊ အုန်းသီးကနေ တန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်နည်းတွေကို ဖြန့်ဝေပေးတာဖြစ်ပါတယ်။ ဝါးနဲ့ပတ်သက်ပြီး ဝါးကုန်ကြမ်းရွေးချယ်တာ၊ တာရှည်ခံအောင်ပြုလုပ်တာ၊ ပါကေးပြုလုပ်တဲ့အခါ အသုံးပြုမယ့် ကော်ရွေးချယ်မှုက အရေးကြီးတယ်ဆိုတာလည်း ပြောပြထားပါတယ်။ ပေါင်းခံထားတဲ့ ရော်ဘာ သစ်ခွဲသားတွေကို finger joint အသားတုံးငယ်လေးတွေအဖြစ် ထွင်းပြီး အသွားစိပ်စိပ် ချိတ်ဆက်ကာ အပူအအေးဒဏ်ခံနိုင်ဖို့ ခေတ်မီ စက်ကြီးတွေနဲ့ပေါင်းခံပြီး အဆင့်ဆင့်ထုတ်လုပ်တဲ့ အသားပြားအချပ်တွေအဖြစ် ထုတ်လုပ်နိုင်တဲ့အပြင် ဘေးထွက်ရရှိလာတဲ့ သစ်သား စကေးလေးတွေကိုလည်း အချပ်ပြားတွေပြုလုပ်ပြီး လူသုံးကုန်ပစ္စည်းတွေကို ထုတ်လုပ်နိုင်ပါတယ်။ အုန်းသီးအလေအလွင့်ကနေလည်း တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ပါတယ်။
ဦးအောင်သိန်း(ဓနိလုပ်ငန်းရှင်)
ချောင်းဆုံမြို့နယ်
ကျွန်တော်ကတော့ ချောင်းဆုံမြို့နယ် ကလွီရွာနဲ့ ဒရယ်ရွာနှစ်ရွာ ကြားမှာရှိတဲ့ ဓနိဧက ၁၀၀ ခန့်ကို ပိုင်ဆိုင်ထားပြီး လက်ရှိဧက ၆၀ ခန့်အတွင်း နေ့စဉ်ဓနိရည် ငါးဂါလန်ဝင်ပုံး ၅၀ ခန့် ထုတ်လုပ်ပါတယ်။ မိုးအကုန် ဆောင်းနဲ့ နွေမှာ ရရှိတဲ့ဓနိရည်ကို စုဆောင်းထားပြီး နှစ်နှစ်၊ သုံးနှစ်ခန့် အချဉ်ပြုထားတာကို ပေါင်းခံကျိုချက်ပြီးမှ ရှာလကာရည်ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ အနံ့အသက်နဲ့ အရောင်ပိုင်း အားနည်းနေလို့ အခုသင်တန်းမှာ နှစ်ရှည်ထားစုဆောင်းဖို့မလိုဘဲ အချိန်တိုအတွင်း အနံ့အသက်ကောင်းမွန်ကာ မူလအရသာထက် ထူးကဲမှုရှိတဲ့နည်းလမ်းတွေကို လက်တွေ့သင်ကြားပေးတယ်။ ဆရာမတွေရဲ့လမ်းညွှန်ချက်အတိုင်း စမ်းသပ်ကြည့်တာ အနံ့အသက် ကောင်းမွန်မှုကို လက်တွေ့ တွေ့ရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ထုတ်လုပ်ရောင်းချဖြစ်ခဲ့ရင် “ဒီရေတောအရသာ ဓနိရှာလကာ” ဆိုတဲ့အမည်လေးကို ယာယီပေးထားပါတယ်။ ဆရာမတွေကလည်း ပင်လယ်ဆားဓာတ်လေးပါနေလို့ အရသာပိုပြီးထူးကဲတယ်လို့ ချီးမွမ်းအားပေးစကားတွေနဲ့အတူ ဒီလိုသင်တန်းကို တက်ရောက်ရတဲ့အတွက် မကြာမီကာလအတွင်းမှာ မျှော်မှန်းထားတဲ့ဒေသ ထွက်ကုန်တစ်ခု ဈေးကွက်တွင်း ထိုးဖောက်ကာ မိသားစုဝင်ငွေတိုး လမ်းစပွင့်လာမယ်လို့ မျှော်လင့်မိပါတယ်။
မွန်ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ ထုတ်လုပ်မှုကဏ္ဍများ တိုးမြှင့်ထုတ်လုပ်လာနိုင်စေရန် နိုင်ငံတော်၏မူဝါဒများနှင့်အညီ မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေးအခြေခံ အစားအစာထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာဖြန့်ဝေပေးရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ခြင်းကြောင့် စိုက်ပျိုးထွက်ကုန်သီးနှံများကို တန်ဖိုးမြင့်ဈေးကွက်ဝင်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ခြင်း၊ စားသောက်ကုန်ထုတ်လုပ်ခြင်းနည်းပညာများ တိုးတက်လာနိုင်ခြင်း၊ ဒေသတွင်းရှိသီးနှံများ တန်ဖိုးမြင့်မားလာပြီး လေလွင့်မှု နည်းပါးလာခြင်း၊ သွင်းကုန်များအစားထိုးနိုင်ခြင်း၊ ဒေသတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာခြင်း၊ MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း စသည့်ကောင်းမွန်သော အကျိုးကျေးဇူးများရရှိပြီး နိုင်ငံတော်အကြီးအကဲမျှော်မှန်းသည့် စိုက်ပျိုးရေးထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်နှင့် MSMEs ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။